CNI International News

ဂျော်ဂျီယာ၊ အောက်တိုဘာ ၂၅    

အမေရိကန်တွင် စတင်နေပြီဖြစ်သည့် ကြိုတင်မဲပေးသည့်ကာလ၌ လူကိုယ်တိုင် လာရောက် မဲပေးသူများနှင့် စာတိုက်မှတဆင့် မဲပေးသူများ အပါအဝင် စုစုပေါင်း ကြိုတင်မဲပေးသူ အရေအတွက် ၂၅ သန်းနီးပါး ရှိလာခဲ့ ကြောင်း ဖလော်ရီဒါတက္ကသိုလ်၏ ရွေးကောက်ပွဲလေ့လာရေးအဖွဲ့ Election Lab က ထုတ်ပြန်သည့် မှတ်တမ်း များကို ရိုက်တာမှ ဖော်ပြခဲ့သည်။

ဒီမိုကရက်များနှင့် ရီပတ်ဘလစ်ကန်များအကြား အကြိတ်အနယ် ယှဉ်ပြိုင်ရသည့် မြောက်ကာရိုလိုင်းနား (North Carolina) နှင့် ဂျော်ဂျီယာ (Georgia) ပြည်နယ်များ အပါအဝင် ပြည်နယ်အချို့တွင် ပြီးခဲ့သည့် သီတင်းပတ်က ကြိုတင်မဲပေးမှု စတင်ဖွင့်လှစ်သည့် ပထမဆုံးနေ့မှာတွင် ကြိုတင်မဲများ စံချိန်တင် များပြားခဲ့သည်။

"ဂျော်ဂျီယာပြည်နယ်မှာ မဲပေးမှုက စံချိန်တင် အဆင့်ကို ရောက်ရှိခဲ့ပါတယ်။ ပြည်နယ်တိုင်း လိုလိုမှာလည်း မဲပေး မှုတွေက စံချိန်တင် အဆင့်တွေပါ။ ကျနော်တို့နိုင်ငံကို ပြန်လည်ပြင်ဆင် နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်"ဟု ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း ဒေါ်နယ်ထရမ့် (Donald Trump) က ပြောကြားခဲ့သည်။
ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်း ကာမယ်လာဟားရစ် (Kamala Harris)ကမူ ၎င်းဖွဲ့စည်းမည့် အစိုးရအဖွဲ့ သည် လက်ရှိသမ္မတ ဂျိုးဘိုင်ဒန် အစိုးရအဖွဲ့နှင့် ကွဲပြားမှုရှိလိမ့်မည်ဟု ပြောကြားခဲ့သည်။

ကာမယ်လာဟားရစ်ကို တွေ့ရစဉ်

နိုဝင်ဘာ ၅ ရက်တွင် သမ္မတရွေးကောက်ပွဲ  မပြုလုပ်မီ သီတင်း ၂ ပတ်ပင် မလိုတော့ချိန်၌ မဲဆန္ဒရှင်များသည်  အစိုးရအဖွဲ့သစ်၏ လမ်းစဉ်အသစ်ကို လိုလားတောင့်တနေချိန်မှာပဲ ဟားရစ်က သူဖွဲ့စည်းမည့် အစိုးရအဖွဲ့သည် ဘိုင်ဒင်၏ အစိုးရအဖွဲ့နှင့် ကွဲပြားမှုရှိမည်ဖြစ်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

"ကျမရဲ့ အစိုးရအဖွဲ့က ဘိုင်ဒင်ရဲ့ အစိုးရအဖွဲ့ပုံစံအတိုင်း ဆက်လက် ဖွဲ့စည်းသွားမှာ မဟုတ်ပါဘူး။ ကျမရဲ့ ကိုယ်ပိုင် အိုင်ဒီယာတွေ၊ ကိုယ်ပိုင် အတွေ့အကြုံတွေနဲ့ သမ္မတအဖြစ် တာဝန်ထမ်းဆောင်သွားမှာပါ။ ကျမဟာ မျိုးဆက်သစ် ခေါင်းဆောင်မှုအပိုင်းကို ကိုယ်စားပြုပါတယ်" ဟု ဟားရစ်က ပြောကြားခဲ့သည်။
ထို့ပြင် မိမိတို့အနေဖြင့် ပြဿနာများကို ချဉ်းကပ်ပုံ အသစ်များဖြင့် ဖြေရှားသွားရမည်ဟုလည်း ဟားရစ်က ပင်ဆယ်ဗေးနီးယား (Pennsylvania) ပြည်နယ်ရှိ CNN Town Hall တွင် ပြောကြားခဲ့သည်။

ဗင်ဆယ်ဗေးနီးယားနှင့် ဂျော်ဂျီယာ ပြည်နယ်များသည် အမေရိကန် သမ္မတရွေးကောက်ပွဲများတွင် သမ္မတအဖြစ် ရွေးကောက်ခံရရန် အဆုံးအဖြတ် ပေးနိုင်သည့် ပြည်နယ် ၇ ခုတွင် ပါဝင်သဖြင့် ကိုယ်စားလှယ်လောင်းများသည် ထိုပြည်နယ်များတွင် မဲဆွယ်စည်းရုံးမှုများကို ယခင်ပြည်နယ်များထက်ပိုပြီး အင်တိုက်အားတိုက် လုပ်ဆောင်လေ့ ရှိသည်။ 

Source: ရိုက်တာ