CNI Internatioanal News

ဝါရှင်တန်၊ အောက်တိုဘာ ၂၃

အမေရိကန်တွင် သမ္မတရွေးကောက်ပွဲအကြို လူထုသဘောဆန္ဒ ကောက်ယူမှု စစ်တမ်း၌ ဒီမိုကရက်တစ် ကိုယ်စားလှယ်လောင်း ကာမယ်လာ ဟားရစ် (Kamala Harris)က ရီပတ်ဘလစ်ကန် ကိုယ်စားလှယ်လောင်း (Donald Trump) ထက် လူထုထောက်ခံမှုနှုန်း ပိုမိုများပြားနေသည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

Reuters/Ipsos စစ်တမ်းအသစ်တွင် ဒုတိယသမ္မတ ဟားရစ်က လူထုထောက်ခံမှုနှုန်း ၄၆ ရာခိုင်နှုန်း ရရှိခဲ့ပြီး သမ္မတဟောင်း ထရမ့်က ၄၃ ရာခိုင်နှုန်းရရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။

အောက်တိုဘာ ၂၁ ရက်က ပြီးဆုံးခဲ့သည့် ၆ ရက်ကြာ စစ်တမ်းကောက်ယူမှုအသစ်တွင် ယခင်စစ်တမ်း ကောက်ယူမှု ရလဒ်များနှင့် အပြောင်းအလဲ အနည်းငယ်သာ ရှိခဲ့သည်။

ပြီးခဲ့သည့် သီတင်းပတ်က ပြုလုပ်ခဲ့သည့် Reuters/Ipsos စစ်တမ်းတွင်မူ ဟားရစ်သည် လူထုထောက်ခံမှုနှုန်း ၄၅ ရာခိုင်နှုန်း၊ ထရမ့်က ၄၂ ရာခိုင်နှုန်း အသီးသီးရရှိခဲ့သည်။

သို့သော် စစ်တမ်းအသစ်အရ မဲဆန္ဒရှင်များသည် စီးပွားရေးနှင့် လူဝင်မှုကြီးကြပ်ရေးတို့တွင် ထရမ့်၏ ချဉ်းကပ်ပုံကို သဘောကျကြောင်း ဖော်ပြခဲ့ကြသည်။

ဒေါ်နယ်ထရမ့်ကို တွေ့ရစဉ်

မဲပေးရန် စာရင်းပေးထားသူ ၇၀ ရာခိုင်နှုန်းက ၎င်းတို့၏ စားဝတ်နေရေး ကုန်ကျစရိတ်သည် လမ်းကြောင်း အမှားပေါ်သို့ ရောက်ရှိနေကြောင်း ပြောကြားခဲ့ပြီး ၆၀ ရာခိုင်နှုန်းက စီးပွားရေးသည် ဦးတည်ချက် မှားယွင်းနေ သည်ဟု ပြော၍ ၆၅ ရာခိုင်နှုန်းက လူဝင်မှုရေးရာမူဝါဒများ မှားယွင်းနေကြောင်း ပြောကြားခဲ့ကြသည်။

ထို့ပြင် ဒီမိုကရေစီကို ခြိမ်းခြောက်နေသည့် စီးပွားရေးနှင့် လူဝင်မှု အရေးကိစ္စများသည် အမေရိကန်၏ အရေး အကြီးဆုံး ပြဿနာများဖြစ်သည်ဟု မဲဆန္ဒရှင်များက ပြောကြားခဲ့သည်။

ထိုအရေးကိစ္စများကို ချဉ်းကပ်ဆောင်ရွက်ရာတွင် မည်သည့် ကိုယ်စားလှယ်လောင်းက ပိုမိုသာလွန်သလဲဆိုသည့် မေးခွန်းတွင်မူ ထရမ့်က စီးပွားရေးကိစ္စတွင် လူထုထောက်ခံမှု ၄၈ ရာခိုင်နှုန်း၊ ဟားရစ်က ၃၈ ရာခိုင်နှုန်းသာ ရရှိခဲ့ သည်။

ဟားရစ်ကို တွေ့ရစဉ်

ထို့ပြင် လူဝင်မှုကြီးကြပ်ရေးနှင့်ပတ်သက်ပြီး ချဉ်းကပ်ပုံများတွင်လည်း ထရမ့်က လူထုထောက်ခံမှု ၄၈ ရာခိုင်နှုန်း ရရှိခဲ့ပြီး ဟားရစ်က ၃၅ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။

သို့သော် နိုင်ငံရေး အစွန်းရောက်မှုနှင့် ဒီမိုကရေစီအတွက် ခြိမ်းခြောက်မှုတို့ကို ကိုင်တွယ်ဖြေရှင်းရာတွင် မည်သူက ပိုမိုသာလွန်သလဲဆိုသည့် မေးခွန်းတွင်မူ ဟားရစ်က လူထုထောက်ခံမှုနှုန်း ၄၂ ရာခိုင်နှုန်း ရရှိခဲ့ပြီး ထရမ့်က ၃၅ ရာခိုင်နှုန်းသာ ရရှိခဲ့သည်။

ထို့ကြောင့် နိုဝင်ဘာ ၅ ရက်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲမတိုင်မီ သီတင်း ၂ ပတ်သာ လိုတော့သည့် အချိန်၌ ကိုယ်စားလှယ်လောင်း နှစ်ဦးအကြား ပြိုင်ဆိုင်မှု ပြင်းထန်နေသော အခြေအနေကို စစ်တမ်းများက ဖော်ပြနေ သည်။

Source: ရိုက်တာ