CNI International News
ဘန်ကောက်၊ ဒီဇင်ဘာ ၃
ကမ္ဘာပေါ်တွင် သွားရောက် လည်ပတ်စရာ နေရာများစွာ ရှိသည့်အနက် မသေခင် တစ်ကြိမ်တစ်ခါမျှ သွားရောက် လည်ပတ်သင့်သည့် မြို့များစာရင်းကို Global English Editing ဝက်ဘ်ဆိုက်က စုစည်းဖော်ပြခဲ့သည်။
၁ - တိုကျို၊ ဂျပန် (Tokyo, Japan)
ဂျပန်နိုင်ငံ၏ တိုကျိုမြို့တော်သို့ သွားရောက် လည်ပတ်မည်ဆိုပါက နီယွန်မီးရောင်များ၊ အေးချမ်းသည့် ဂူဗိမ္မာန် များ၊ Michelin ကြယ်ပွင့်အဆင့်ရှိ ခေါက်ဆွဲဆိုင်များ၊ ခေတ်ရှေ့ပြေးသည့် ရထားများနှင့် ရာစုနှစ်ပေါင်းများစွာ တည်တံ့ခဲ့သည့် ယဉ်ကျေးမှုများကို ခံစားရမည်ဖြစ်သည်။
၂- ပဲရစ်၊ ပြင်သစ် (Paris, France)
ပဲရစ်မြို့တော်သို့ ရောက်ရှိခဲ့မည်ဆိုပါက ကိုယ့်အိမ်တွင် ရှိနေသည့် ခံစားချက်နှင့် အခြား ကမ္ဘာတစ်ခုသို့ ရောက်ရှိ နေသည်ဆိုသည့် ခံစားချက် ၂ မျိုးကို ခံစားရမည်ဖြစ်သည်။
စိတ်ကူးယဉ် အချစ်ဇာတ်လမ်း၊ ဗိသုကာပညာ၊ အနုပညာ၊ ဒဿနိကပညာ၊ မုန့်ဆိုင်များနှင့် ဖက်ရှင် အလှအပ များကို ခံစားရမည်ဖြစ်သည်။

ထိုင်းနိုင်ငံအတွင်းက ခရီးသွားများကိုတွေ့ရစဉ်
၃- နယူးယောက်၊ အမေရိကန် (New York City, USA)
နယူးယောက်မြို့သည် သာမန်မြို့တစ်မြို့သာ မဟုတ်ဘဲ စီရင်စု (၅)ခု စုပေါင်းထားသည့် မြို့ကြီးတစ်မြို့ဖြစ်သည်။
နယူးယောက်မြို့သည် အမြဲတမ်း သက်ဝင်လှုပ်ရှားနေပြီး စိတ်ကူးဉာဏ် ကွန့်မြူးမှု၊ လူစုလူဝေးများ၊ အံ့ဩစရာ များကို ကြုံတွေ့ခံစားရမည်ဖြစ်သည်။
၄- အစ္စတန်ဘူလ်၊ တူရကီ (Istanbul, Türkiye)
ဥရောပနှင့် အာရှ၏ အလယ်တွင် တည်ရှိနေသည့် တူရကီနိုင်ငံ၏ အစ္စတန်ဘူလ်မြို့တော်ကို အင်ပါယာများ၊ ယဉ်ကျေးမှု၊ ဘာသာရေး အယူဝါဒနှင့် ဇာတ်လမ်းပုံပြင်များက ပုံဖော်ထားခြင်း ဖြစ်သည်။
၅- ဘန်ကောက်၊ ထိုင်း (Bangkok, Thailand)
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်တွင် ကမ္ဘာ့အကောင်းဆုံးဟု ညွှန်းဆိုနိုင်မည့် လမ်းဘေးဆိုင်များမှအစ ရွှေရောင် တောက်ပနေသည့် ဘုရားပုထိုးများနှင့် အထပ်မြင့် အဆောက်အအုံများစွာကို မြင်တွေ့ခံစားရမည်ဖြစ်သည်။

ထိုင်းနိုင်ငံအတွင်းက ခရီးသွားများကိုတွေ့ရစဉ်
၆- ဘာစီလိုနာ၊ စပိန် (Barcelona, Spain)
စပိန်နိုင်ငံ၊ ဘာစီလိုနာမြို့၏ အသက်ဝိဉာဉ်သည် ရှေးဟောင်း ဗိသုကာလက်ရာများ၊ အစားအစာများ၊ ပင်လယ် လေညှင်း၊ ညနက်ပိုင်းအထိ လူစည်ကားစွာ ရှိနေမှုများဖြင့် ပုံဖော်ထားခြင်းဖြစ်ပြီး ကမ္ဘာလှည့် ခရီးသွားများကို ဆွဲဆောင်နိုင်သည့် နေရာတစ်ခုဖြစ်သည်။
၇- ကိတ်တောင်း ၊ တောင်အာဖရိက (Cape Town, South Africa)
တောင်အာဖရိကနိုင်ငံ၊ ကိတ်တောင်းမြို့သည် သဘာဝပတ်ဝန်းကျင်နှင့် ယဉ်ကျေးမှုကို ရောနှောပေါင်းစပ် ထားသည့် ကမ္ဘာ့အလှဆုံး မြို့များထဲတွင် ပါဝင်နေကာ တောင်တန်းများ၊ သမုဒ္ဒရာများ၊ တောရိုင်းတိရစ္ဆာန်များနှင့် ခေတ်မီ လူနေမှုဘဝတို့ကို သဟဇာတဖြစ်စွာ မြင်တွေ့ရမည်ဖြစ်သည်။
၈- ရောမ၊ အီတလီ (Rome, Italy)
အီတလီနိုင်ငံ၊ ရောမမြို့၏ နေရာတိုင်း၊ လမ်းတိုင်းတွင် ကိုယ်ပိုင် ဇာတ်လမ်းများရှိပြီး အဆောက်အအုံတိုင်း ကလည်း ရာစုနှစ်များစွာ ကြာမြင့်သည့် သမိုင်းကို ဖော်ကြူးလျက်ရှိကာ အရသာထူးကဲသည့် ဟင်းလျာများကို လည်း မြည်းစမ်းနိုင်မည်ဖြစ်သည်။
၉- စင်္ကာပူ (Singapore)
စင်ကာပူနိုင်ငံသည် ကမ္ဘာ့ အသန့်ရှင်းဆုံး၊ အလုံခြုံဆုံးနှင့် ဆန်းသစ်တီထွင်မှု အရှိဆုံး မြို့များထဲတွင် ပါဝင်ပြီး ရှေးဟောင်းယဉ်ကျေးမှုနှင့် မျက်မှောက်ခေတ် ဒီဇိုင်းတို့ကို ပေါင်းစပ်ထားသည့် မြို့ဖြစ်ကာ ကမ္ဘာ့အဆင့် စားသောက်ဆိုင်များတွင်လည်း တရုတ်၊ မလေး၊ အိန္ဒိယနှင့် အနောက်တိုင်း အစားအစာများကို သုံးဆောင် နိုင်မည်ဖြစ်သည်။
Source: The Nation
