CNI International News
ဘန်ကောက်၊ မေလ ၄
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်တွင် လမ်းဘေးဈေးသည်များကို အရှိန်အဟုန်မြှင့် နှိမ်နင်းလာခြင်းကြောင့် လူကြိုက်များသော လမ်းဘေးအစားအစာ ယဉ်ကျေးမှုမှာ ပျောက်ကွယ်သွားမည့် အခြေအနေနှင့် ရင်ဆိုင်နေရ ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
ဘန်ကောက်မြို့တစ်ခွင် လမ်းဘေး ဆိုင်တန်းများနှင့် တွန်းလှည်းများမှ ကြက်သွန်ဖြူ၊ ငရုတ်သီးနှင့် အသား ကင်နံ့များ သင်းပျံ့နေသော်လည်း တင်းကျပ်သည့် ထိန်းချုပ်မှုများကြောင့် စျေးသည်များ၏ အသက်မွေးဝမ်း ကျောင်း အလုပ်နှင့် ဘန်ကောက်မြို့တော်ကို ကိုယ်စားပြုသည့် လမ်းဘေး အစားအစာ ယဉ်ကျေးမှုကို ခြိမ်းခြောက်လျက်ရှိသည်။
ဝယ်ယူစားသုံးရန် အဆင်ပြေလွယ်ကူခြင်း၊ အရသာစုံလင်ခြင်းနှင့် ဒေသခံများသာမက ကမ္ဘာလှည့် ခရီးသွားများပါ နှစ်သက် သဘောကျခြင်းတို့ကြောင့် ဘန်ကောက်၏ လမ်းဘေး အစားအစာ ဆိုင်များသည် မြို့တော်၏ အမှတ်အသား တစ်ခု ဖြစ်လာခဲ့သည်။
နံနက် မိုးလင်းချိန်မှ ညဉ့်နက်သည်အထိ လမ်းဘေး အစားအစာဆိုင်များမှ ထွက်လာသော မီးခိုးငွေ့များက လမ်းမကြီးများပေါ်ရှိ လေဟာပြင် မီးဖိုချောင်ကြီးများအဖြစ် တင်စားခံထားရသည်။
သို့သော် ထိုင်းအစိုးရသည် မကြာသေးမီ နှစ်များအတွင်း လူသွားလမ်းများကို ရှင်းလင်းစေရန်၊ စည်းကမ်းတကျ ရှိစေရန်နှင့် လူစည်ကားသော စီးပွားရေး ရပ်ကွက်များရှိ လမ်းဘေး ဈေးသည်များအား သတ်မှတ်ထားသော ဈေးနေရာများသို့ ပြောင်းရွှေ့ရန် လုပ်ဆောင်လာခြင်းကြောင့် လမ်းဘေးဈေးသည် အများအပြားမှာ မရေရာသော အနာဂတ်နှင့် ရင်ဆိုင်နေရသည်။

ဘန်ကောက်မြို့က တရုတ်တန်းကို တွေ့ရစဉ်
“ကျမတို့က ဒီမှာ တရားမဝင် ရောင်းနေတာဆိုတော့ စိတ်ပူမိတယ်” ဟု ဘန်ကောက်မြို့ တရုတ်တန်းတွင် မုန့်များရောင်းချနေသည့် လွတ်နမ် ဆင်ဝီရာကစ် (Looknam Sinwirakit) က ပြောကြားခဲ့သည်။
သူသည် မုန့်ရောင်းချနေချိန်အတွင်း လမ်းပိတ်ဆို့မှုကြောင့် ဘတ် ၁၀၀၀ (အမေရိကန် ဒေါ်လာ ၃၀ ခန့်) ဒဏ်ရိုက်ခံခဲ့ရဖူးသည်ဟု ဆိုသည်။
ဘန်ကောက်၏ ခရီးသွား အစည်ကားဆုံး နေရာတစ်ခုဖြစ်သည့် ထိုရပ်ကွက်တွင် ဖောက်သည် မပြတ်ရှိနေသဖြင့် ဒဏ်ငွေရိုက်ခံရခြင်းသည် အသေးအဖွဲသာဖြစ်ကြောင်း အသက် ၄၅ နှစ်အရွယ် လွတ်နမ်က ဆိုသည်။
“ဈေးသည်တွေက ဝမ်းစာအတွက် ရှာဖွေစားသောက်နေရတာပါ။ ကျမတို့ကို ဒီအတိုင်း ဖယ်ခိုင်းတာကတော့ မတရားပါဘူး၊ ဒါပေမဲ့ သူတို့က ထွက်သွားဖို့ ခိုင်းလာရင်တော့ ကျမတို့ ထွက်သွားရမှာပါပဲ” ဟု ၎င်းက ပြောကြား ခဲ့သည်။
Source: South China Morning Post
