CNI International News

စင်္ကာပူ၊ မေလ ၄

စင်္ကာပူနိုင်ငံသည် အရှေ့တောင်အာရှ၏ ထိပ်တန်းဘဏ္ဍာရေး ဗဟိုချက်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုအတွက် စိတ်ချရ သည့် နေရာတစ်ခု ဖြစ်လာခဲ့သည်။

ထို့ကြောင့် တရုတ်နိုင်ငံသည် စင်္ကာပူရှိ မြေကွက်များနှင့် အခြား အိမ်ခြံမြေများတွင် အများဆုံး ရင်းနှီးမြှုပ်နှံသည့် နိုင်ငံများထဲတွင် ပါဝင်လာခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။

စင်္ကာပူတွင် တရုတ်နိုင်ငံနှင့် ဆက်နွှယ်နေသည့် အိမ်ခြံမြေ အဖွဲ့အစည်းများနှင့် စီးပွားရေး လုပ်ငန်းစုများသည် ဈေးကွက်အတွင်း ပိုမိုတက်ကြွစွာ လှုပ်ရှားလာကြသည်ဟု Savills Singapore အိမ်ခြံမြေအေဂျင်စီမှ သုတေသန နှင့် အကြံပေးလုပ်ငန်းဆိုင်ရာ အမှုဆောင်ညွှန်ကြားရေးမှူး အလန်ချောင် (Alan Cheong) က ပြောကြားခဲ့သည်။

“စင်္ကာပူမှာ အတွေ့အကြုံရှိပြီးသား တရုတ် အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံသူတွေဟာ အခုဆိုရင် စည်းမျဉ်းစည်းကမ်း တွေနဲ့ ဈေးကွက် အခြေအနေတွေကို ကောင်းကောင်း နားလည်နေကြပါပြီ။ ဒါကြောင့် သူတို့ရဲ့ မြေပိုင်ဆိုင်မှု တွေကို ပြန်လည် ဖြည့်တင်းဖို့အတွက် ဈေးပြိုင်စနစ်နဲ့ ဆက်လက် ဝယ်ယူသွားကြလိမ့်မယ်လို့ မျှော်လင့်ရပါ တယ်”ဟု ၎င်းက ဆိုသည်။

 စင်္ကာပူနိုင်ငံကိုတွေ့ရစဉ်

စင်္ကာပူ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဘုတ်အဖွဲ့ (Singapore Economic Development Board) ၏ ဖေဖော်ဝါရီ လတွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ ၂၀၂၅ ခုနှစ်တွင် တရုတ်ကုမ္ပဏီများသည် စင်္ကာပူ၌ ဒုတိယအများဆုံး ရင်းနှီးမြှုပ်နှံသူများ ဖြစ်လာခဲ့ကြောင်း ဖော်ပြထားသည်။

ကဏ္ဍစုံရှိ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု စင်္ကာပူဒေါ်လာ ၁၄ ဒသမ ၁၆ ဘီလျံ (အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၀၇ ဘီလျံ) ၏ ၂၁ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံမှဖြစ်ပြီး ယခင်နှစ်က ၂ ဒသမ ၅ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ သိသိသာသာ မြင့်တက်လာခြင်းဖြစ်သည်။

ဥရောပနိုင်ငံများသည် ရင်းနှီးမြှုပ်နှံမှုဝေစု ၂၅ ရာခိုင်နှုန်းခန့်ဖြင့် တည်ငြိမ်စွာ ရပ်တည်ကာ ပထမနေရာသို့ ရောက်ရှိလာခဲ့ပြီး၊ အမေရိကန်၏ ရင်းနှီးမြှုပ်နှံမှု ဝေစုမှာ ၅၅ ဒသမ ၅ ရာခိုင်နှုန်းမှ ၁၇ ဒသမ ၃ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့သောကြောင့် ပထမနေရာမှ တတိယနေရာသို့ ရောက်ရှိသွားခဲ့သည်။

Source: South China Morning Post