CNI International News

လန်ဒန်၊ ဇွန်လ ၂၄

တရုတ်နိုင်ငံသည် အရေးကြီးသော ကုန်ကြမ်းပစ္စည်းများအပေါ်  ပို့ကုန်ထိန်းချုပ်မှုနှင့် ရောင်းချမှု ကန့်သတ်ချက် များ ပြုလုပ်ခဲ့ခြင်းကြောင့် ဥရောပသမဂ္ဂ (EU) ၏ ကာကွယ်ရေးစွမ်းရည် မြှင့်တင်ရေး အစီအစဉ်များသည် အဟန့်အတားနှင့် ရင်ဆိုင်နေရသည်ဟု Nikkei  Asia မှ ဖော်ပြခဲ့သည်။

ထို့ကြောင့် EU အဖွဲ့ဝင် နိုင်ငံများအနေဖြင့် ၎င်းတို့၏ ထောက်ပံ့ရေး ကွင်းဆက်များကို အခြား အရင်းအမြစ်များ ထံမှ ရှာဖွေရန် EU ခေါင်းဆောင်များက တိုက်တွန်း နှိုးဆော်နေကြသည်။

ဥရောပကော်မရှင်သည် စီးပွားရေးဆိုင်ရာ မမျှတမှုများကို ဖြေရှင်းရန် ကြိုးပမ်းမှု တစ်ရပ်အနေဖြင့် ဥရောပ တစ်ဝန်းရှိ ကုမ္ပဏီများအား ထောက်ပံ့ရေး အရင်းအမြစ် ကွန်ရက်ကို ပိုမို ကျယ်ပြန့်အောင် လုပ်ဆောင်ရန် တောင်းဆိုထားသည့် ဥပဒေအသစ်တစ်ရပ်ကို လာမည့်အပတ်တွင် အဆိုပြု သွားမည်ဖြစ်ကြောင်း Nikkei Asia က ဖော်ပြခဲ့သည်။

သို့သော် EU သည် ထိုအကြောင်းအရာနှင့်ပတ်သက်ပြီး တရုတ်နိုင်ငံ၏ အမည်ကိုမူ တိုက်ရိုက် ထည့်သွင်း ပြောကြားခဲ့ခြင်း မရှိပေ။

ယူကရိန်းစစ်ပွဲနှင့် အမေရိကန်၏ လုံခြုံရေးဆိုင်ရာ ကတိကဝတ်များသည် သေချာရေရာမှု မရှိတော့သဖြင့် ဥရောပအစိုးရများသည် စစ်အသုံးစရိတ်နှင့် ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုများကို တိုးမြှင့်ရတော့မည့် အခြေအနေသို့ ရောက်ရှိလာခဲ့သည်။

ဒရုန်းတစ်စင်းကိုတွေ့ရစဉ်

တစ်ချိန်တည်းမှာပင် ဥရောပသမဂ္ဂ လုံခြုံရေး လေ့လာမှုဆိုင်ရာ အင်စတီကျု (EUISS)မှ မူဝါဒဆန်းစစ်သူ ဂျောရစ် တီယာ (Joris Teer) ၏ မေလတွင် ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာအရ ဥရောပသမဂ္ဂက အရေးတကြီး လိုအပ်နေ သော ကုန်ကြမ်းပစ္စည်း ၃၄ မျိုးအနက် ၁၇ မျိုးကို တူးဖော်ခြင်း သို့မဟုတ် သန့်စင်ခြင်း လုပ်ငန်းစဉ်များ၌ တရုတ် နိုင်ငံက ၇၀ ရာခိုင်နှုန်းအထိ ထိန်းချုပ်ထားကြောင်း ဖော်ပြထားသည်။

ထို့ပြင် ထိုကုန်ကြမ်းပစ္စည်း ၃၄ မျိုးအနက် ၈ မျိုးမှာ လက်ရှိတွင် တရုတ်နိုင်ငံ၏ ပို့ကုန်ထိန်းချုပ်မှုအောက်၌ တည်ရှိနေသည်။

“တရုတ်နိုင်ငံဟာ ဥရောပရဲ့ လက်နက်တပ်ဆင်ရေး ကြိုးပမ်းမှုတွေကို လျှော့ပါးအောင် လုပ်ဆောင်နေပါတယ်။ တရုတ်နိုင်ငံဟာ သူတို့ရဲ့ အသာစီးရမှုကို မြှင့်တင်လိုက်နိုင်ပြီဖြစ်ပြီး သူတို့ရဲ့ သဘောဆန္ဒအတိုင်း ထောက်ပံ့မှု တွေကို အချိန်မရွေး ထိန်းချုပ် ကန့်သတ်နိုင်စွမ်းရှိကြောင်း ပြသခဲ့ပါတယ်”ဟု တီယာက ရေးသားခဲ့သည်။

ဥရောပ၏ အာကာသ၊ လုံခြုံရေးနှင့် ကာကွယ်ရေးလုပ်ငန်းများအသင်း (ASD) ကလည်း ပထဝီနိုင်ငံရေး အခြေအနေများနှင့် အရေးကြီး ကုန်ကြမ်းပစ္စည်းများအပေါ် ပြိုင်ဆိုင်မှု ပြင်းထန်လာခြင်းတို့ကြောင့် ဥရောပ၏ ထောက်ပံ့ရေး ကွင်းဆက်များကို ပိုမို အားကောင်းအောင် လုပ်ဆောင်ရန် လိုအပ်လာပြီးဖြစ်ကြောင်း သတိပေး ခဲ့သည်။

Source: Nikkei Asia