CNI International News 

ဘရပ်ဆဲလ်၊ ဧပြီ ၁

အမေရိကန်နှင့် တရုတ်ကြား ကုန်သွယ်ရေးဆိုင်ရာ ယာယီသဘောတူညီချက် ပျက်ပြားသွားပါက ဖြစ်ပေါ်လာနိုင် သည့် အကျိုးဆက်ကို ဥရောပအနေဖြင့် ကိုယ့်နည်းကိုယ်ဟန်ဖြင့် ရင်ဆိုင်ဖြေရှင်းရန် ပြင်ဆင်ထားသင့်ကြောင်း ကျွမ်းကျင်သူများက တိုက်တွန်းထားသည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။

ပြီးခဲ့သည့် အောက်တိုဘာလ အတွင်းက အမေရိကန်နှင့် တရုတ်သည် ကျိုးပျက်လွယ်သည့် ကုန်သွယ်ရေးဆိုင်ရာ ယာယီ ပြေငြိမ်းရေး သဘောတူညီချက် တစ်ရပ်ကို ရရှိခဲ့ကြသည်။

ထိုသဘောတူညီချက်ကြောင့် တရုတ်နိုင်ငံ၏ မြေရှားသတ္တု တင်ပို့မှု ကန့်သတ်ချက်များ ရပ်တန့်သွားခဲ့ပြီး ချစ်ပ်ပြားထုတ်လုပ်သည့် Nexperia ကုမ္ပဏီနှင့် ပတ်သက်ပြီး တရုတ်နှင့် နယ်သာလန်ကြား ဖြစ်ပွားနေသော အငြင်းပွားမှုကိုလည်း ယာယီဖြေရှင်းနိုင်ခဲ့သည့်အတွက် ဥရောပအစိုးရများမှာ သက်ပြင်းချနိုင်ခဲ့ကြသည်။

မည်သို့ပင်ဆိုစေ ယခုအခါတွင် အမေရိကန်နှင့် တရုတ်ကြား သဘောတူညီချက် ပျက်ပြားသွားပါက သို့မဟုတ် သဘောတူညီချက်၏ သက်တမ်း ကုန်ဆုံးသွားပါက ဥရောပသမဂ္ဂ အနေဖြင့် အရေးပေါ် အစီအစဉ် တစ်ရပ်ကို ချမှတ်ထားရန် တိုက်တွန်း နှိုးဆော်ချက်များ ထွက်ပေါ်နေသည်။

သတ္ထုတူးဖော်နေကြစဉ်

အင်အားကြီး နိုင်ငံများအကြား တင်းမာမှုများ မြင့်တက်လာခြင်းကြောင့် တရုတ်နိုင်ငံ၏ ပို့ကုန်ထိန်းချုပ် ကန့်သတ် မှုဒဏ်ကို EU အနေဖြင့် ခံရနိုင်ခြေရှိကြောင်း ဥရောပသမဂ္ဂ ပြည်ပဆက်ဆံရေးကောင်စီ (ECFR) ၏ စာတမ်း အသစ် တစ်စောင်တွင် ဖော်ပြထားသည်။

ထိုအခြေအနေ ဖြစ်လာပါက ယူကရိန်းအတွက် စစ်ရေးအရ ပံ့ပိုးကူညီမှုများ၊ ဥရောပ၏ ကိုယ်ပိုင်လက်နက် တပ်ဆင်ရေး ကြိုးပမ်းမှုများနှင့် စက်မှုကဏ္ဍ အဆင့်မြှင့်တင်ရေး လုပ်ငန်းစဉ်များကိုပါ အကြီးအကျယ် ထိခိုက် ပျက်စီးစေနိုင်သည်ဟု လေ့လာသူများက ထောက်ပြခဲ့သည်။

ထို့ကြောင့် ဥရောပ အနေဖြင့် မိမိတို့ လက်ဝယ်တွင်ရှိသော စီးပွားရေးဆိုင်ရာ အားသာချက်များကို သဘောပေါက် နားလည်ပြီး မိမိကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းရမည့် နည်းလမ်းများကို သင်ယူရမည်ဖြစ်ကြောင်း ECFR ၏ စာတမ်း တွင် ဖော်ပြထားသည်။

ဥရောပနဲ့ အမေရိကန်-တရုတ်ကို တွေ့ရစဉ်

 “ဒီသဘောတူညီချက်ဟာ နောက်ထပ် လအနည်းငယ် အတွင်းမှာပဲ သက်တမ်း ကုန်ဆုံးသွားနိုင်ပါတယ်။ တကယ် လို့ ဒီအစီအစဉ် ပြီးဆုံးသွားရင် ဘာတွေ ဆက်ဖြစ်လာမလဲ။ တရုတ်နိုင်ငံဘက်က ပို့ကုန်ထိန်းချုပ် ကန့်သတ်မှုတွေ ကို ပြန်လည် ကျင့်သုံးလာခဲ့မယ်ဆိုရင် ခင်ဗျားတို့ဘက်က အသင့်ပြင်ထားတာ ပိုကောင်းပါလိမ့်မယ်။ နောက်ထပ် အကျပ်အတည်းတစ်ခု ဆိုက်ရောက်လာတဲ့အထိ စောင့်မနေသင့်ပါဘူး၊ အခုချိန်ကတည်းက ခင်ဗျားတို့ရဲ့ အားသာ ချက်တွေကို ကြိုတင်စုဆောင်း ထားရပါမယ်” ဟု ECFR အစီရင်ခံစာကို အဓိကပြုစုသည့် ပထဝီစီးပွားရေးဆိုင်ရာ ကျွမ်းကျင်သူ တိုဘီယက်စ် ဂါကီ (Tobias Gehrke) က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံနှင့် ဆက်ဆံရာတွင် ဥရောပသမဂ္ဂ အနေဖြင့် အသုံးချနိုင်သည့် စီးပွားရေးဆိုင်ရာ အားသာချက် အများအပြားကိုလည်း ထိုအစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

Source: South China Morning Post