CNI International News

နယူးဒေလီ၊ ဩဂုတ် ၆

အိန္ဒိယသည် ရုရှားထံမှ ရေနံများ ဆက်လက် ဝယ်ယူနေသဖြင့် အမေရိကန်နှင့် ဥရောပသမဂ္ဂတို့က အိန္ဒိယအပေါ် ဖိအားများ တိုးမြှင့်နေမှုအပေါ် အိန္ဒိယက ပြန်လည်ဝေဖန်ရှုတ်ချခဲ့သည်ဟု DW သတင်းဝက်ဘ်ဆိုက်တွင် ဖော်ပြထားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က ကုန်သွယ်ခွန် တိုးမြင့်မည်ဟု ခြိမ်းခြောက်နေချိန်တွင် အိန္ဒိယအနေဖြင့် မိမိတို့၏ စီးပွားရေးနှင့် အကျိုးစီးပွားများကို ကာကွယ်သွားမည်ဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရန်ဒီယာ ဂျိုင်စဝယ် (Randhir Jaiswal) က ဩဂုတ် ၄ ရက်တွင် ပြောကြားခဲ့ သည်။

“အိန္ဒိယကို ပစ်မှတ်ထားတာက တရားမမျှတဘဲ ကျိုးကြောင်းဆီလျှော်မှု မရှိပါဘူး။ အခြားစီးပွားရေး အင်အားကြီး နိုင်ငံတွေလိုပဲ အိန္ဒိယဟာ ကိုယ့်ရဲ့ အကျိုးစီးပွားနဲ့ စီးပွားရေးလုံခြုံမှုကို ကာကွယ်သွားဖို့ လိုအပ်တဲ့ အစီအမံတွေ လုပ်ဆောင်သွားမှာပါ” ဟု ဂျိုင်စဝယ်က ပြောကြားခဲ့သည်။

ယူကရိန်း စစ်ပွဲကြောင့် အနောက်နိုင်ငံများက စွမ်းအင်ထောက်ပံ့ရေး လမ်းကြောင်းများကို ပြောင်းလဲခဲ့သဖြင့် အိန္ဒိယသည် ရုရှားထံမှ ရေနံများ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း၊ ဥရောပသမဂ္ဂနှင့် အမေရိကန်တို့သည် သူတော် ကောင်းယောင် ဆောင်နေကြကြောင်း ၎င်းက စွပ်စွဲခဲ့သည်။

အိန္ဒိယနိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရန်ဒီယာ ဂျိုင်စဝယ်ကို တွေ့ရစဉ်

“အဲဒါက ဘာကိုပြနေလဲဆိုရင် အိန္ဒိယကို ဝေဖန်နေတဲ့ နိုင်ငံတွေ ကိုယ်တိုင်ကလည်း ရုရှားနဲ့ ကုန်သွယ်မှုတွေ ပြုလုပ်နေတယ်ဆိုတာကို ပြသရာရောက်ပါတယ်” ဟု ဂျိုင်စဝယ်က ပြောကြားခဲ့သည်။

ဥရောပနှင့် ရုရှားကြား မြေဩဇာများ၊ ဓာတုပစ္စည်းများ၊ သံနှင့် သံမဏိ၊ စက်ယန္တရားနှင့် သယ်ယူပို့ဆောင်ရေး ပစ္စည်းများ ကူးသန်းရောင်းဝယ်မှုများ ပြုလုပ်နေသည့် အချက်ကိုလည်း ဂျိုင်စဝယ်က ထောက်ပြပြောဆိုခဲ့သည်။

ထို့ပြင် အမေရိကန်သည် ၎င်း၏ နျူကလီးယား လုပ်ငန်းအတွက် ရုရှားထံမှ ယူရေနီယံ ဟက်ဆာဖလိုရိုက် (uranium hexafluoride) ၊ လျှပ်စစ်ကားများအတွက် ပယ်လာဒီယမ် (palladium) နှင့် စက်မှုလုပ်ငန်းသုံး ပစ္စည်းများ ဆက်လက် ဝယ်ယူနေသည်ဟုလည်း ဂျိုင်စဝယ်က ပြောကြားခဲ့သည်။

ထရမ့်ကမူ အိန္ဒိယသည် ရုရှား၏ ရေနံများကို လျှော့စျေးများဖြင့် ဝယ်ယူနေကြောင်း စွပ်စွဲခဲ့ပြီး အိန္ဒိယအပေါ် ကုန်သွယ်ခွန်များ ဆက်လက် တိုးမြှင့်မည်ဟု ခြိမ်းခြောက်ခဲ့သည်။

ထရမ့်သည် အိန္ဒိယအပေါ် အခွန်နှုန်းထား မည်မျှတိုးမြှင့်မည်ဆိုခြင်းကို အတိအကျ ပြောဆိုခဲ့ခြင်း မရှိခဲ့ဘဲ လက်ရှိ အခွန်နှုန်း ၁၀ ရာခိုင်နှုန်း တိုးမြှင့်မှု အပါအဝင် ဩဂုတ် ၇ ရက်မှစပြီး အိန္ဒိယ၏ ပို့ကုန်များအပေါ် အခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့်ဖွယ်ရှိသည်။

Source: DW