CNI New

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၅

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်ကနေ အရပ်သားများအား လက်နက်ကိုင်ထားကြသူများက စစ်မှု ထမ်းခိုင်းနေခြင်းများ ချုပ်ငြိမ်းဖို့အတွက် လွှတ်တော်ပေါ်ရန် အရေးတကြီးလိုအပ်သည်ဟု စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြကြသည်။

မြန်မာနိုင်ငံတွင် ၁၉၄၈ ခုနှစ်၊ ဇန်နဝါရီ ၄ ရက်၌ လွတ်လပ်ရေးရပြီးနောက် သုံးလအကြာမှာ ပြည်တွင်းစစ် ပေါ်ပေါက်လာခဲ့သည်မှာ ယနေ့ထိတိုင်ဖြစ်နေသည်။

ထိုပြည်တွင်းစစ်အတွင်းမှာ မြန်မာ့တပ်မတော်ကို တိုက်ခိုက်နေသည့် လက်နက်ကိုင်အဖွဲ့ပေါင်းစုံသည် အရပ်သား များကို စစ်မှုမထမ်း မနေရ ဥပဒေများ အသီးသီး ပြဋ္ဌာန်း၍ စစ်မှုထမ်းခိုင်နေသလို မြန်မာ့တပ်မတော်ကလည်း ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၀ ရက်က စစ်မှုထမ်းဥပဒေ အသက်ဝင်ကြောင်း အတည်ပြု ပြဋ္ဌာန်းခဲ့သည်။

ထို့နောက် မြန်မာ့တပ်မတော်က တစ်ပတ်စဉ်လျှင် လူဦးရေ ၅၀၀၀ ဦး ခေါ်ယူလျက်ရှိကာ အပတ်စဉ် ၁၅ အထိ ရောက်ရှိနေပြီးဖြစ်ကြောင်း၊ မြန်မာ့တပ်မတော်ကို တိုက်ခိုက်နေကြသည့် လူမျိုးစု လက်နက်ကိုင်များကတော့ သက်ဆိုင်ရာ မျိုးနွယ်စုအလိုက် တစ်အိမ်တစ်ယောက်နှုန်းဖြင့် စစ်မှုထမ်းခိုင်းလျက်ရှိသည်။ 

မြန်မာ့တပ်မတော်က စစ်မှုထမ်းသင်တန်းသားတွေကို တွေ့ရစဉ်

အတင်းအကျပ် စစ်မှုထမ်းခိုင်းနေခြင်းများ မရှိဖို့ဆိုလျှင် ပြည်သူတင်မြှောက်သည့် လွှတ်တော်ပေါ်လာရန် လိုအပ် သည်ဟု တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “အဲဒီ ကိစ္စကတော့လေ ကျနော်တို့ ဒီပြည်သူတွေ အခုကစ ပြီးမှပြောရမယ်ဆိုရင်တော့ ဘယ်လိုပြောရမလဲ။ ဒီလိုပါ စစ်သားကို စစ်သားချင်း စစ်နဲ့တူအောင် တိုက်ကြတာပေါ့ စစ်နဲ့တူအောင် တိုက်ကြတဲ့အခါ စစ်သားတွေ ကုန်တဲ့အခါကြတော့ တချို့က ပြည်သူတွေကို ကြုံရာဆွဲကြတာပေါ့နော်။ ဒီဘက်ကတော့ စစ်မှုထမ်း ဥပဒေနဲ့ ပြဋ္ဌာန်းပြီးမှ ဒါဆွဲတာပေါ့။ ဥပဒေနဲ့ ပြဋ္ဌာန်းပြီး ဆွဲတယ်ဆိုတာက ဒါပြည်တွင်းစစ် မရှိဘူးဆိုရင် စစ်မှုထမ်း ဥပဒေ ပြဋ္ဌာန်း နိုင်ငံသားတိုင်းက စစ်ထဲဝင်ပြီးမှ စစ်မှုထမ်းသင့်ပါတယ်။ ဒါပေမယ့် အခုပြည်တွင်းစစ်ကြီး ရှိနေတဲ့အခါ နိုင်ငံသားတွေက ကြောက်ကြတဲ့အခါကြတော့ ဥပဒေပြဋ္ဌာန်းမှ မဝင်ကြ‌တဲ့ အခါကြတော့ အတင်းအကျပ် ဆွဲတာတွေ ရှိတယ်။ ဟိုဘက်ကလည်း အဲလိုတွေ ဆွဲတာလည်း ရှိတယ်ပေါ့။ ဆိုတဲ့အခါကြတော့ ပြည်သူနဲ့ပြည်သူ တိုက်တဲ့ စစ်ပွဲတွေဘက်ကို ချဥ်းနင်းဝင်ရောက်လာတယ် အန္တရာယ် တော်တော်ကြီးကြီးပါတယ်။ အဲကိစ္စ‌တွေ ဖြေရှင်းနိုင်ဖို့ ဆိုရင်တော့ ပြည်သူတင်မြှောက်တဲ့ လွှတ်တော်ပေါ်လာဖို့ လိုအပ်ပါတယ်။ ပြည်သူ့အသံက လွှတ်တော်မှာ ပြောကြ ဆိုကြရမှာ ဖြစ်ပါတယ်။ အဲတော့ ပြည်သူ့အသံ ကျယ်လာမှ ဒီအစိုးရကလည်းပြင် ဒီလွှတ်တော်ကလည်း ပြောသမျှ ကို အကောင်အထည်ဖော် အဲလိုတွေနဲ့ ဆောင်ရွက်သွားမှသာ ဒီကိစ္စတွေ ချုပ်ငြိမ်းနိုင်မယ်လို့ မြင်ပါတယ်။ အခု လောလောဆယ် အခြေအနေကတော့ ဒီဒဏ်ကို ပြည်သူတွေရော ကျနော်တို့ အားလုံးကပါ ခံကြရဦးမယ်လို့ ကျနော်မြင်တယ်”ဟု ပြောသည်။

နိုင်ငံတစ်ခု အနေဖြင့် အသုံးအနှုန်းကတော့ လက်ရှိသမ္မတသည် ပြည်သူ့စစ်မှုထမ်းဥပဒေကို အသက်သွင်းတာဖြစ်ပြီး တဖက်တွင်ကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏အကြီးဆုံးကာကွယ်ရေးဦးစီးချုပ်ဖြစ်နေတယ်ဟုရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNIသတင်းဌာနကိုပြောသည်။

PDF စစ်သင်တန်းဆင်းပွဲ ကျင်းပစဉ်

၎င်းက“လက်နက်ကိုင် အဖွဲ့အစည်းတွေက ဟိုဟာဒီဟာ စစ်အင်အားကို ရှင်းကြပြုကြတယ်ဆိုတာက ဥပဒေပါ မဟုတ်ဘူးလို့ သုံးနှုန်းနိုင်ပါတယ်။ ပေါ်တာဆွဲတယ် ဘာညာဆိုတာကလည်း နစက အုပ်ချုပ်တဲ့ ကာလ မှာ မတည်ငြိမ် မအေးချမ်းတဲ့ နေရာတွေမှာ တချို့နေရာတွေမှာ စစ်အုပ်ချုပ်ရေး ပေးထားတယ်။ တချို့နေရာတွေ မှာလေ တချို့နေရာတွေကတော့ ပြန်ရုပ်သိမ်းတာပေါ့။ စစ်အုပ်ချုပ်ရေး ပေးထားတဲ့ တိုင်းပြည်ရဲ့ ကာလဟာ နော်။ ဒါအ‌ရေးပေါ်ကာလ ဖြစ်တယ်ဆိုတဲ့ အခါမှာ အခြေခံဥပဒေပုဒ်မ အခန်း ၈ အရပေါ့ဗျာ နိုင်ငံသား အခွင့်အရေးတွေ ရုပ်သိမ်းခြင်း ခံရ တာပေါ့။ အဲဒါကြောင့် နစက ဖျက်သိမ်းပြီးတဲ့နောက်မှာ နိုင်ငံသား အခွင့်အရေးရအောင် လုပ်ပေးရမဲ့ တာဝန်သည် ကာကွယ်ရေးနဲ့လုပ်ခြုံရေးကောင်စီ ဖြစ်သွားတာပေါ့။ အဲတော့ လုံခြုံရေးကောင်စီက ခန့်အပ်တဲ့ အခု ဗိုလ်ချုပ် (ကြီး)ညိုစော ဦးဆောင်တဲ့ အစိုးရသည် ဘယ်လိုပဲဖြစ်ဖြစ်နော် အရပ်သား မဟုတ်သော်လည်းဘဲ ယူနီဖောင်း ချွတ် ထားတဲ့ ပုဂ္ဂိုလ်တစ်ယောက် ဦးဆောင်တဲ့ နိုင်ငံတော်ဝန်ကြီးချုပ် ဦးဆောင်တဲ့ အစိုးရဖြစ်သွား တာပေါ့။ တဖက်မှာ တော့ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့ ပုဂ္ဂိုလ် အကြီးဆုံးကတော့ ကာကွယ်‌ရေးဦးစီးချုပ် ဖြစ်နေတာ အဲဒီနှစ်ခု ကို ချိန်ဆရင် သဘောပေါက် ကြလိမ့်မယ်ထင်ပါတယ်”ဟု ပြောသည်။ 

လက်ရှိ မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော ပြည်တွင်းစစ်အတွင်းမှာ အရပ်သားပြည်သူများနှင့် လူငယ်များသည် လက်နက်ကိုင်တိုက်ခိုက်နေကြသော အုပ်စုများ၏ စစ်မှုထမ်းရန် ဆွဲခေါ်ခံနေကြရသည့်အတွက် စိုးရိမ်ထိတ်လန့် စွာဖြင့် နေထိုင်နေကြရသလို ပြည်ပနိုင်ငံများသို့ ထွက်ပြေး တိမ်းရှောင်ကြရသူများလည်း ရှိနေကြသည်။

တချို့ကတော့ ပြည်တွင်းမှာပဲ မူလနေထိုင်ရာ အရပ်ဒေသကို စွန့်ခွာ၍ တခြားသော အရပ်ဒေသများသို့ လာရောက် နေထိုင်ကာ အခက်အခဲပေါင်းစုံဖြင့် ကြုံတွေ့နေကြရသည်။

အဆိုပါ စစ်မှုထမ်း ဆင့်ခေါ်မှုများ ရပ်တန့်အောင် ဆောင်ရွက်နိုင်သည့် အခြေအနေမှာ ရွေးကောက်ပွဲကနေ တဆင့် လွှတ်တော်အခင်းအကျင်း ပေါ်ပေါက်လာမှသာလျှင် ဖြစ်နိုင်ကြောင်း စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ထောက်ပြကြသည်။

လတ်တလောမှာတော့ မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ၌ ကျင်းပရန် စီစဉ်နေသည်။