CNI New

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပထမစာမျက်နှာ ကို ရင်ဆိုင်ကျော်ဖြတ်ပြီး ဒုတိယစာမျက်နှာ စတင်မည်ဟု ပြောကြားချက်က ဘာကိုဆိုလာခြင်းလဲဆိုသည့် အပေါ် စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များကြား အမျိုးမျိုးသုံးသပ်လျက်ရှိနေသည်။

၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၀ ရက်က နစကဂုဏ်ပြု တွေ့ဆုံခြင်း အခမ်းအနားကို ကျင်းပစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဒုတိယစာမျက်နှာကို စတင်တော့မည်ဟု ပြောကြားခဲ့ခြင်း ဖြစ်သည်။

မြန်မာ့တပ်မတော်၏ ဒုတိယစာမျက်နှာကို စမည်ဆိုခြင်းက ဇူလိုင် ၃၁ ရက်က ထုတ်ပြန်ခဲ့သော လုပ်ငန်းစဉ် ၄ ရပ်အား အကောင်အထည်ဖော်ခြင်း ဖြစ်နိုင်သည်ဟု တိုင်းလိုင်(ရှမ်းနီ)အမျိုးသားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ပထမပိုင်း ကဏ္ဍဆိုတာက ဒီနိုင်ငံတော် တည်ငြိမ်အောင် ထိန်းသိမ်းမယ်တို့ ဘာတို့ လုပ်ငန်းစဉ်  ၅ ရပ်နဲ့အကောင်အထည် ဖော်လာတာရှိတယ်လေ။ ပြည်သူတွေ အနေနဲ့ကတော့ အခက်အခဲပေါင်း မြောက်များစွာ ရင်ဆိုင်ရတာပေါ့နော်။ လုပ်ငန်းစဉ် ၅ ရပ်ကို အခု မနေ့တုန်းကကျတော့ သူက လုပ်ငန်းစဉ်တွေ အောင်မြင်ပြီးပြီ လို့ ပြောပြီးမှ ဒုတိယစာမျက်နှာကို စမယ်ဆိုပြီးတော့မှ လုပ်ငန်းစဉ်  ၄ ရပ်ကို ပြန်ပြီးမှ ဖော်ဆောင်လာ တာ တွေ့ရတယ်ပေါ့လေ။ ကျနော်တို့ ဒီနဝတ၊ နအဖ အပြောင်းအလဲနဲ့တော့ နည်းနည်းတော့ သွားဆင်မလားလို့ နအစ၊ နအဖ လက်ထပ်တုန်းကလည်း ဒီလိုပါပဲ နိုင်ငံငြိမ်ဝပ်ပိပြားရေး ပြီးတဲ့နောက်ပိုင်းမှာ ဒီနိုင်ငံတော် အေးချမ်း သာယာရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ကနေပြီးမှ ပြန်လည်ဖွဲ့စည်းခဲ့တာပေါ့။ ဖွဲ့စည်းပုံရေးဆွဲရေး၊ ဖွဲ့စည်းပုံ အတည် ပြုရေး၊ ရွေးကောက်ပွဲကိစ္စပေါ့နော်။ အချို့ကတော့ ဒီပုံစံအတိုင်းကို လျောက်လာတယ်လို့ ကျနော့် အနေနဲ့မြင်တာ ပေါ့။ နစက အနေနဲ့ ဒုတိယအပိုင်းကိုတော့ ရွေးကောက်ပွဲဘက်ကို အားစိုက်ပြီးတော့ လုပ်မယ်တဲ့ သဘောလေးကို ပြောချင်တယ်လို့ ကျနော့် အနေနဲ့မြင်တာပေါ့။ လုပ်ငန်းစဉ် ၄ ရပ် ချမှတ်ထားတဲ့ အခါကြတော့ ဒီလုပ်ငန်းစဉ် ၄ ရပ်ကို သူအကောင်အထည် ဖော်သွားမှာပေါ့”ဟု ပြောသည်။

ကာ/လုံရဲ့ ဦးတည်ချက် ၄ ရပ် ထုတ်ပြန်ချက်ကို တွေ့ရစဉ်

ကာ/လုံက ကြေညာခဲ့သော ဦးတည်ချက် ၄ ရပ်မှာ (၁) နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို အလေးထား၍ စစ်မှန်စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်နိုင်မည့် နိုင်ငံရေးအင်အားစုများ၊ ပြည်သူ့ ကိုယ်စားလှယ်များ ဖြစ်ပေါ်လာစေရန် အစဉ်တစိုက် ဆောင်ရွက်ရေး၊ (၂) နိုင်ငံ့စီးပွားရေး ဖွံ့ဖြိုးတိုးတက် ရေး၌ အဓိကနှင့် အခြေခံ အုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ်တိုးတက်၍ စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍ (Agro-based industries)ဖွံ့ဖြိုးတိုးတက်မှုမှသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ် မြှင့်တင်ရေးတို့ ပါဝင်သည်။

ထို့နောက် (၃) နိုင်ငံတော် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရေးအတွက် အမျိုးသားပညာရေးကဏ္ဍ၊ ကျန်းမာရေးကဏ္ဍတို့ကို အ‌လေးထားမြှင့်တင်ရေး၊ (၄) ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ လုပ်ငန်းစဉ် များ အောင်မြင်ပြီး ပြည်သူလူထုတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာ လျှောက်လှမ်းနိုင်ရေး ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ရေး တို့ဖြစ်သည်။

မြန်မာ့တပ်မတော်၏ ဒုတိယစာမျက်နှာကို စမည်ဆိုခြင်းက ရွေးကောက်ပွဲကာလအထိ မျှော်မှန်းပြီး ၎င်း၏ လုပ်ပိုင်ခွင့် အတိုင်းအတာကို စဥ်းစားရမည်ဟု ရခိုင့်ဦးဆောင်ပါတီ(AFP)ဥက္ကဋ္ဌ ဒေါက်တာအေးမောင်က CNI သ တင်းဌာနသို့ ပြောသည်။

 ရွေးကောက်ပွဲအကာအကွယ်ပေးတဲ့ ဥပဒေကို တွေ့ရစဉ်

၎င်းက “ဖြစ်နိုင်ဖွယ်ရှိတာက ဒုတိယစာမျက်နှာသည် ရွေးကောက်ပွဲ အလွန်ကာလအထိ မျှော်မှန်းနိုင်တယ် ဒီကာလတို ၈ လလောက်ကို သူမှန်းပေမယ့် ရွေးကောက်ပွဲအလွန် အစိုးရကိုမှန်းတာဖြစ်မယ် သူ့ရဲ့ ဒုတိယလို့ သုံးတဲ့ဥစ္စာ သူ့ရဲ့လုပ်ပိုင်ခွင့် အတိုင်းအတာ ဘောင်တွင်းက စဥ်းစားရမှာပေါ့။ အခု ကာကွယ်ရေးနဲ့လုံခြုံရေး ကောင်စီ ဒါကတော့ အခြေခံဥပဒေပါ ပေးထားချက်ဖြစ်တယ်။ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီမှာလည်း သူသည် ယာယီသမ္မတ တာဝန်အရ ဆက်ရှိနေတာပေါ့။ အဲတော့ သူသည် ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရဲ့ တာဝန်အရ ရွေးကောက်ပွဲကို ကျင်းပပေးရမည့် တာဝန် လက်ရှိ ကာကွယ်ရေးဝန်ကြီးချုပ် အဲဒီနှစ်ခုသည် သူ့ရဲ့ အနေအထားပေါ့။ အဲတော့ သူမျှော်မှန်းတဲ့ ဒုတိယစာမျက်နှာဆိုသည်မှာ သူ့ရဲ့ လုပ်ပိုင်ခွင့်က မပြီးသေးဘူးဗျ။ ရွေးကောက်ပွဲကြီးကို ကျင်းပမယ် ရွေးကောက်ပွဲကြီးရဲ့ အလွန်မှာ လွှတ်တော်ပေါ်လာမယ်၊ အစိုးရပေါ်လာမယ် အဲတော့ လွှတ်တော်ဆိုသည်မှာ အခြေခံဥပဒေအရ ၂၅ ရာခိုင်နှုန်းသော တပ်မတော်သား လွှတ်တော် ကိုးစားလှယ် တွေပါမယ်။ အဲဒီဥစ္စာကိုလည်း သူပဲလုပ်ပေးရမယ် ကာကွယ်ရေးဦးစီးချုပ် တစ်ဦးအနေနဲ့ အဲတော့ နှစ်ရပ်လုံး ပေါ်မှာ သူ့ရဲ့လုပ်ပိုင်ခွင့်ရှိတာပေါ့။ ခုနကပြောတဲ့ ကာလတိုဆိုတာ သူ နောက်ကို ခဏဆုတ်သွားတာပေါ့။ ယာယီသမ္မတ အနေနဲ့ သူနောက်ကို သွားတယ် အစိုးရအဖွဲ့ တစ်ခုခုရဲ့ တာဝန်ကို ဦးညိုစောကို လွှဲရမယ်။ ကာကွယ်ရေးဦးစီးချုပ်ရဲ့ တာဝန်ကို ထမ်းတယ်ဆိုတဲ့ သဘောပဲ”ဟု ပြောသည်။ 

မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလနှင့် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလများတွင် ရွေးကောက်ပွဲ ကျင်းပသွားမည်ဖြစ် ကြောင်း၊ ရွေးကောက်ပွဲအနိုင်ရသည့် နိုင်ငံရေးပါတီကို အာဏာလွှဲပြောင်းပေးမည်ဖြစ်ကြောင်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောထားသည်။

ထို့နောက် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက် ဟန့်တား ဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉ ရက်တွင် အတည်ပြု ထုတ်ပြန်ခဲ့ သည်။

ထိုဥပဒေအရ ရွေးကောက်ပွဲအား နှောင့်ယှက်ခြင်း၊ ပျက်အောင် ဖျက်ခြင်း၊ လူသေဆုံးအောင် လုပ်ဆောင်ခြင်း၊ လူသေဆုံးခြင်း စသည့် ပြစ်မှုတစ်ရပ်ရပ်ကို ကျူးလွန်ပါက ထောင်ဒဏ် အနည်းဆုံး ၁၀ နှစ်မှ အများဆုံးတစ်သက် ချမှတ်နိုင်သလို သေဒဏ်ထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထားသည်။