CNI News

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁

နာဂဒေသ၊ ရှင်ဗွေယန်မြို့နယ်တွင် ဒေသခံလူငယ်များကို တပ်သားသစ်စုဆောင်းနေခြင်းက မိမိတို့ အရှေ့နာဂ အမျိုးသားအဖွဲ့အစည်း/အရှေ့နာဂအမျိုးသားကာကွယ်ရေးတပ်မတော်(ENNO/ENDA)မှ ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။

ရှင်ဗွေယန်ဒေသသည် ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းမှာ ပါဝင်သောလည်း နာဂလူမျိုးများလည်း နေထိုင်လျက်ရှိသည့်အတွက် နာဂလက်နက်ကိုင်များက ၎င်းတို့၏ နယ်နိမိတ်အဖြစ် သတ်မှတ်ထားကြကြောင်း သိရသည်။

ENNO/ENDA က “ ယခု ရှင်ဗွေယန်မြို့နယ်တွင် တပ်သားသစ် စုဆောင်းခြင်းမှာ မိမိတို့ ENNO/ENDA အဖွဲ့အစည်းမှ ဆောင်ရွက်ခြင်းဖြစ်သည်။ အရှေ့နာဂပြည်သူလူထု၏ ပူးပေါင်းပါဝင် ထောက်ခံအားပေးမှုနှင့်အတူ မိမိတို့ ENNO/ENDA အဖွဲ့အစည်း၏ အရှေ့နာဂအမျိုးသားလွတ်မြောက်ရေး လုပ်ငန်းစဉ်တို့တွင် အတူလက်တွဲ ပါဝင် ဆောင်ရွက်ပေးကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်”ဟု ထုတ်ပြန် ပြောကြားခဲ့သည်။

ENNO/ENDA ထုတ်ပြန်ချက်ကို တွေ့ရစဉ်

ရှင်ဗွေယန်ဒေသတွင် နေထိုင်ကြသော နာဂလူငယ်များနှင့် ထိုဒေသကို ဖြတ်သန်းသွားလာကြသော နာဂလူငယ် များကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ENNO/ENDA တို့က လူသစ်စုဆောင်းနေကြသလို အိမ်ပေါ်ထိ တက်ရောက် ဖမ်းဆီးခေါ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။

နာဂဒေသတွင်း အခြေအနေများကို ရေးသားဖော်ပြလျက်ရှိသော Naga Voice ကတော့ “ရှင်ဗွေယန်မြို့ပေါ်တွင် KIA သည် တပ်စွဲလာပြီး နာဂလူငယ်များကို ဖမ်းဆီးခေါ်ဆောင်နေကြောင်း၊ နာဂလူငယ်များကို ENDA ခေါင်းစဉ် ဖြင့် တရစပ်ဖမ်းဆီးနေသည်”ဟု ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃၁ ရက်က ရေးသားဖော်ပြထားသည်။
ထိုရေးသားချက်နှင့် ပတ်သက်ပြီး ENNO/ENDA က မိမိတို့အဖွဲ့အစည်းက တပ်သားသစ် စုဆောင်းခြင်းဖြစ် ကြောင်း ထုတ်ပြန်ခဲ့သည်။

ရှင်ဗွေယန်ဒေသခံက “ နာဂလူငယ်တွေကို တစ်အိမ်တက်ဆင်း လိုက်ဖမ်းနေတာ၊ လူသစ်စုဆောင်းနေတယ်။ ENNO ကလည်း ဖမ်းတယ်။ KIA ကလည်း ဖမ်းတယ်။ တစ်ခါတစ်လေကျရင် နှစ်ဖက်ပေါင်းပြီးတော့ အတူတူ လာ ခေါ်တာလည်းရှိတယ်။ လူငယ်တွေကတော့ စစ်ပွဲရဲသားကောင်တွေလို ဖြစ်နေပါပြီးဗျာ။ တောင်ယာလုပ်ဖို့ လူ တောင် သိပ်မရှိတော့ပါဘူး”ဟု ပြောသည်။

ရှင်ဗွေယန်ဒေသကို တွေ့ရစဉ်

ENNO/ENDA သည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၏ လက်နက်ခဲယမ်း ထောက်ပံ့ကူညီမှုဖြင့် ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာ ၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့ပြီး KIA ဌာနချုပ် လိုင်ဇာမှာ ENNO/ENDA ၏ဌာနချုပ်ကို ထားရှိထားသည်။

ထိုနာဂလက်နက်ကိုင်အဖွဲ့ကို NSCN-K တွင် ဒုဗိုလ်မှူးကြီးအဖြစ် တာဝန်ယူပြီး ထုတ်ပယ်ခံလိုက်ရသော ဦးအောင်ဆိုင်းနှင့် နာဂဒေသမှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ လွှတ်တော်ကိုယ်စားလှယ်များ ပူးပေါင်း၍ စတင် ထူထောင်ခဲ့ခြင်းဖြစ်ကြောင်း၊ နောက်ပိုင်း NLD လွှတ်တော်အမတ်များ ပတ်သက်မှု သိပ်မရှိတော့ကြောင်း နီးစပ်သူများက ပြောသည်။

လက်ရှိတွင် ENNO/ENDA သည် ကချင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ လှုပ်ရှားနေပြီး KIA-PDF တို့ဖြင့် ပူးပေါင်း၍ မြန်မာ့တပ်မတော်ကို တိုက်ခိုက်လျက်ရှိသည်။