CNI News
၂၀၂၄ ခုနှစ်၊ ဧပြီ ၂

နာဂလက်နက်ကိုင်တစ်ဖွဲ့ဖြစ်သည့် အရှေ့နာဂအမျိုးသားကာကွယ်ရေးတပ်မတော်/အရှေ့နာဂအမျိုးသား အစည်းအရုံး(ENDA/ENNO)မှ ဗိုလ်မှူးရှမ်းခန်းအောင်သည် ၂၀၂၄ ခုနှစ်၊ ဧပြီ ၂ ရက်နေ့ ညနေ ၄ နာရီခွဲက လုံခြုံရေးတပ်ဖွဲ့များ၏ ပစ်ခတ်ခံရခြင်းကြောင့် သေဆုံးသွားခဲ့သည်။

ဗိုလ်မှူးရှမ်းအောင်သည် ခန္တီးမြို့နယ်နှင့် လဟယ်မြို့နယ်အကြားရှိ လောင်ငေါက်ကျေးရွာအဝင် ဆုံဆည်းရာ စားသောက်ဆိုင်အနီးတွင် ENDA/ENNO မှရဲဘော်တစ်ဦးနှင့်အတူ မော်တော်ယာဉ်များထံမှ ငွေကြေး ကောက် ခံနေစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက် ရှင်းလင်းစဉ် ပစ်ခတ်မှုဖြစ်ကာ သေဆုံးသွားခဲ့ခြင်းဖြစ်သည်။

ထို့နောက် အမ်အေ ၅ ပစ္စတို ၁ လက်၊ ကျည်အိမ် ၁ ခု၊ ၉ မမ ကျည် ၄ တောင့်၊ နိုင်ငံသား စိစစ်ရေးကတ် ၁ ခု၊ ငွေကျပ် ၇၀၀၀၀ တို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ENDA/ENNO အဖွဲ့နှင့်နီးစပ်သူတစ်ဦးက “ လောင်ငေါက်ရွာမှာ ပစ်သတ်ခံရတာ၊ သူက မော်တော်ကားသမား တွေကို ပိုက်ဆံသွားတောင်းနေတာ၊ အဲမှာ စစ်တပ်က ရောက်လာတာ။ ရောက်လာတဲ့အချိန်မှာ သူက ရှောင် သွားလိုက်ရင် ဘာမှမဖြစ်ဘူး။ ဒါပေမဲ့ ထိပ်တိုက်သွားတွေ့လိုက်တော့ ပစ်ခံလိုက်ရတာ။ သေသွားတယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။

ဗိုလ်မှူးရှမ်းအောင် သေဆုံးခဲ့ခြင်းနှင့် ပတ်သက်ပြီး ENDA/ENNO အဖွဲ့ကို ဆက်သွယ် မေးမြန်းသော်လည်း အဆက်အသွယ် မရသေးပေ။ ဗိုလ်မှူးရှမ်းအောင်သည် နိုင်ငံသားစိစစ်ရေးကတ် (မှတ်ပုံတင်)တွင် ရှမ်းခန်း အောင် ဆိုသည် အမည်ကို ဖော်ပြထားသည်။

ဗိုလ်မှူးရှမ်းအောင်၏ မှတ်ပုံတင်နဲ့ သေနတ်တစ်လက်ကိုတွေ့ရစဉ်

ဗိုလ်မှူးရှမ်းအောင်သည် ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်နေ့ကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်၊ ပဒူမုန်းကျေးရွာမှ ၃ နှစ်ကလေးငယ် တစ်ဦး အပါအဝင် ဒေသခံ ၇ ဦးကို ရိုက်နှက်မှုဖြစ်ပွားခဲ့သေးကြောင်း၊ ထို့ နောက် ENDA အဖွဲ့က ဗိုလ်မှူးရှမ်းအောင်ကို တာဝန်မှ ၆ လ အနားပေးခဲ့ကြောင်း သိရသည်။

ဗိုလ်မှူးရှမ်းအောင်သည် ENDA/ENNO တွင် ခန္တီးစစ်ကြောင်းမှူး တာဝန်ကို ထမ်းဆောင်နေသူဖြစ်ပြီး နာဂအမျိုး သားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်(NSCN-K)မှာလည်း တာဝန်ထမ်းဆောင်ခဲ့ဖူးသည်။

ထို့နောက် NSCN-K ကနေ ထုတ်ပယ်ခံခဲ့ရသော ဗိုလ်မှူးကြီးအောင်ဆိုင် ဦးဆောင်၍ ENDA/ENNO အဖွဲ့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အကူအညီဖြင့် ဖွဲ့စည်းထူထောင်ခဲ့သည်။

လက်ရှိတွင် ENDA/ENNO ၏ ဗဟိုဌာနချုပ်သည် KIA ၏ ဗဟိုဌာနချုပ် လိုင်ဇာမြို့(ကချင်ပြည်နယ်)မှာ ရှိသည်။

ENDA/ENNO သည် နာဂပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(NPDF)၊ KIA တို့နှင့် ပူးပေါင်း၍ ခန္တီးမြို့နယ်အတွင်းရှိ မြန်မာ့တပ်မတော်ကို မကြာခဏ တိုက်ခိုက်လျက်ရှိသည်။