CNI International News
ကိယက်ဗ်၊ သြဂုတ် ၁
ယူကရိန်းတွင် ရုရှား၏ တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေပြီး အစိုးရအနေဖြင့် ပြည်ပနိုင်ငံများ၏ ပြုပြင် ပြောင်းလဲရေး တောင်းဆိုမှုများကို အကောင်အထည် ဖော်နိုင်ခဲ့ခြင်းမရှိပါက လာမည့်နှစ်၌ ဘတ်ဂျက်ကွာဟမှု မြင့်တက်လာမည့် အခြေအနေနှင့် ရင်ဆိုင်ရနိုင်ခြေရှိသည်ဟု ကျွမ်းကျင်သူများက ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ယူကရိန်း၏ အခွန်မှရသည့် ဝင်ငွေအများစုကို စစ်တပ်အတွက် အသုံးပြုနေရပြီး လူမှုရေးနှင့် လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန်အတွက် ပြည်ပနိုင်ငံများ၏ အထောက်အပံ့များ အပေါ် မှီခိုနေရသည်။
ရုရှား၏ ကျူးကျော်တိုက်ခိုက်မှု စတင်ခဲ့သည့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ကတည်းက ယူကရိန်းသည် ပြည်ပနိုင်ငံ များမှ ဒေါ်လာ ၁၃၉ ဘီလျံတန်ဖိုးရှိ အကူအညီ အထောက်အပံ့များကို လက်ခံရရှိခဲ့သည်ဟု အစိုးရ၏ မှတ်တမ်း များတွင် ဖော်ပြထားသည်။
၂၀၂၆ ခုနှစ်တွင် ယူကရိန်း၏ ဘတ်ဂျက် လိုအပ်ချက်ဖြစ်သည့် ဒေါ်လာ ၆၅ ဘီလျံအနက် ၃ ပုံ ၁ ပုံကိုသာ ရရှိခဲ့ပြီး ၂၀၂၇ ခုနှစ်တွင် ဘတ်ဂျက်လိုအပ်မှု ကွာဟချက် ပိုမိုမြင့်တက်လာနိုင်ခြေရှိကြောင်း ယူကရိန်း ဗဟိုဘဏ် အုပ်ချုပ်ရေးမှူး အန်ဒရီ ပိုင်ရှနီယီ ( Andriy Pyshnyi ) က ပြောကြားခဲ့သည်။
ယူကရိန်းစစ်ပွဲအတွင်း အပျက်အစီးကိုတွေ့ရစဉ်
ကိယက်ဗ် (Kyiv) မြို့တော်၏ စီးပွားရေး လေ့လာမှုစင်တာ၏ စစ်တမ်းတွင် ယူကရိန်းသည် ၂၀၂၆ ခုနှစ်၌ ပြည်တွင်းဘတ်ဂျက် ဒေါ်လာ ၃၉ ဘီလျံနှင့် ပြည်ပအကူအညီ ဒေါ်လာ ၅၈ ဘီလျံ လိုအပ်လိမ့်မည်ဟု ဖော်ပြထားသည်။
ထိုစစ်တမ်းအရ ယူကရိန်းသည် လက်ရှိတွင် ဒေါ်လာ ၁၀ ဘီလျံမှ ၁၅ ဘီလျံကြား အရေးပေါ် လိုအပ်နေသည်ကို ပြသရာရောက်ခဲ့သည်။
မည်သို့ပင်ဆိုစေ ဘတ်ဂျက်ကွာဟမှုကို ဖြေရှင်းရန် ဆွေးနွေးမှုများတွင် အခက်အခဲများနှင့် ရင်ဆိုင်နေရသလို ယူကရိန်း အစိုးရသည် ငွေကြေး ထုတ်ချေးပေးသည့် ပြည်ပနိုင်ငံများ၏ ပြုပြင်ပြောင်းလဲရေး တောင်းဆိုချက် အချို့ကို အကောင်အထည် ဖော်နိုင်ခဲ့ခြင်း မရှိပေ။
ယူကရိန်းအစိုးရသည် ပြည်ပနိုင်ငံများ၏ တောင်းဆိုထားသည့်အတိုင်း တရားသူကြီးများနှင့် အခြားထိပ်သီး အရာရှိများ အစားထိုး ခန့်အပ်နိုင်ခဲ့ခြင်း မရှိပေ။
ထို့ပြင် ယူကရိန်းသမ္မတ ဇာလန်းစကီးသည် (Volodymyr Zelenskiy) မကြာသေးမီက အဂတိလိုက်စားမှု တိုက်ဖျက်ရေး အေဂျင်စီ ၂ ခုကို သမ္မတ၏ ထိန်းချုပ်မှုအောက်တွင် ထားရှိခဲ့သဖြင့် ယူကရိန်းကို အကူအညီ ပေးနေသည့် အနောက်နိုင်ငံများက ဇာလန်းစကီးကို ဝေဖန်ခဲ့ကြသည်။
Source: ရိုက်တာ