CNI International News

ကိယက်ဗ်၊ စက်တင်ဘာ ၈

ယူကရိန်းစစ်တပ်က အသုံးပြုနေသည့် လက်နက် စုစုပေါင်း၏ ၆၀ ရာခိုင်နှုန်းသည် ပြည်တွင်းတွင် ထုတ်လုပ်ခဲ့ သည့် လက်နက်များဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇာလန်းစကီး(Zelenskiy)က စက်တင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။

ထိုပမာဏသည် လွန်ခဲ့သည့် ၂ လက မျှော်မှန်းထားသော ပမာဏထက် ကျော်လွန် နေသည်ဟုလည်း ၎င်းက ဆိုသည်။

“စစ်ပွဲကာလအတွင်း ကျနော် စစ်သားတွေ အသုံးပြုနေတဲ့ လက်နက်တွေရဲ့ ၆၀ ရာခိုင်နှုန်း နီးပါးဟာ ယူကရိန်း နိုင်ငံလုပ် လက်နက်တွေ ဖြစ်ပါတယ်။ ပြီးတော့ အဲဒီလက်နက်တွေက အရမ်းအစွမ်းထက်ပြီး ခေတ်မီနည်းပညာ တွေနဲ့ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်”ဟု ဇာလန်းစကီးက ညစဉ်ပြောနေကျ ဗွီဒီယိုမိန့်ခွန်းတွင် ပြောကြားခဲ့ သည်။

ဇာလန်းစကီးနှင့် အခြား အရာရှိများကလည်း ပြည်တွင်း လက်နက် ထုတ်လုပ်မှုများကို အရှိန်မြှင့်တင်ခြင်းသည် ယူကရိန်း၏ အနာဂတ် ကာကွယ်ရေးအား စိတ်ချသေချာစေမည့် အဓိက လုပ်ဆောင်ချက် တစ်ခုဖြစ်သည်ဟု မကြာခဏ ပြောဆိုခဲ့ကြသည်။

ဇာလန်းစကီးက ဒိန်းမတ်တွင်လည်း လက်နက် ထုတ်လုပ်မှုများကို ဆက်လက် လုပ်ဆောင်ရန် ပူးတွဲစီမံကိန်း တစ်ခုရှိကြောင်း ပြောကြားခဲ့သည်။

ယူကရိန်းသမ္မတ ဇာလန်းစကီးကို တွေ့ရစဉ်

ဇူလိုင်လက ဇာလန်းစကီးနှင့် ၎င်း၏ အစိုးရအဖွဲ့သည် ယူကရိန်းတွင် လက်နက် ထုတ်လုပ်မှုများကို ၅၀ ရာခိုင်နှုန်း ကျော်အထိ မြှင့်တင်ရန် တိုက်တွန်းခဲ့သည်။

ရှေ့တန်း စစ်မြေပြင်နှင့် အခြားစစ်ဆင်ရေးများတွင် အသုံးပြုနေသည့် လက်နက်များ၏ ၅၀ ရာခိုင်နှုန်း နီးပါးသည် ယူကရိန်းတွင် ထုတ်လုပ်ထားခြင်းဖြစ်ပြီး ထိုနှုန်းထားသည် ၁၉၉၁ ခုနှစ်က ဆိုဗီယက်ယူနီယံ လက်အောက်မှ လွတ်လပ်ရေး ရခဲ့ပြီးနောက်ပိုင်း အမြင့်ဆုံး နှုန်းထားဖြစ်သည်။

လက်ရှိတွင် ယူကရိန်းသည် ရုရှား၏ မောင်းသူမဲ့ လေယာဉ်များ၊ ဒုံးကျည်များဖြင့် အပြင်းအထန် တိုက်ခိုက်နေမှုကို တန်ပြန်ရန်အတွက် လေကြောင်းရန် ကာကွယ်ရေးများနှင့် ဒရုန်း ထုတ်လုပ်မှုများအပေါ် အာရုံစိုက် လုပ်ဆောင် လျက်ရှိသည်။

ဒရုန်းဖျက် ဒရုန်း (interceptor drones) များသည် ရုရှား၏ လေကြောင်း တိုက်ခိုက်မှုများကို ဖြေရှင်းရန်အတွက် ထိရောက်မှုရှိပြီး ထုတ်လုပ်မှု အပိုင်းတွင်လည်း အကုန်အကျ သက်သာကြောင်း ယူကရိန်းအရာရှိများက ပြောကြားခဲ့သည်။

Source: ရိုက်တာ