CNI International News
ဝါရှင်တန်၊ စက်တင်ဘာ ၈
အိန္ဒိယနှင့် ရုရှားကို တရုတ်ထံ လက်လွှတ်လိုက်ရပုံရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က စက်တင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်ဟု ရိုက်တာမှ ဖော်ပြခဲ့သည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) ၊ ရုရှားသမ္မတ ပူတင် (Vladimir Putin) နှင့် အိန္ဒိယဝန်ကြီးချုပ် မိုဒီ (Narendra Modi) တို့ တွေ့ဆုံခဲ့မှုအပေါ် ထရမ့်က စိတ်ပျက်ကြောင်း ဖော်ပြသည့် အနေ ဖြင့် ထိုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။
“အိန္ဒိယနဲ့ ရုရှားကို ကျနော်တို့ လက်လွှတ်လိုက်ရတဲ့ပုံပါပဲ။ သူတို့က တရုတ်နဲ့ ပိုပြီးနီးစပ် သွားကြပုံပါပဲ။ သူတို့ အတူတကွ ချမ်းသာကြွယ်ဝတဲ့ အနာဂတ်ကို ရရှိကြပါစေ” ဟု ထရမ့်က လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
သို့သော် ထိုနေ့မှာပင် ထရမ့်က အမေရိကန်သည် အိန္ဒိယကို တရုတ်ထံ လက်လွှတ်ခဲ့ရသည်ဟု မထင်ကြောင်း သတင်းထောက်များကို ပြောကြားခဲ့သည်။
“ကျနော်တို့ အိန္ဒိယကို လက်လွှတ်လိုက်ရပြီလို့ မထင်ပါဘူး။ အိန္ဒိယဟာ ရေနံတွေ အများကြီး ဝယ်မှာကို ကျနော် စိတ်ပျက်ပါတယ်။ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ ရုရှားဆီက ရေနံတွေကိုပေါ့။ အဲဒါကိုလည်း သူတို့ သိပါတယ်”ဟု ထရမ့်က ပြောကြားခဲ့သည်။
ပူတင်၊ မိုဒီနဲ့ ရှီကျင့်ဖျင်ကို တွေ့ရစဉ်
ထရမ့်၏ လူမှုမီဒီယာတွင် ရေးသားမှုနှင့်ပတ်သက်ပြီး အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာနနှင့် ကရင်မလင်တို့၏ မှတ်ချက်စကားများ ထွက်ပေါ်လာခြင်း မရှိသေးပေ။
ရှီသည် တီယန်ကျင်းမြို့တွင် ပြုလုပ်ခဲ့သည့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (SCO) အစည်းအဝေးတွင် ပူတင်၊ မိုဒီတို့ အပါအဝင် နိုင်ငံပေါင်း ၂၀ ကျော်မှ ခေါင်းဆောင်များနှင့် တွေ့ဆုံခဲ့သည်။
ထရမ့်ကမူ သူနှင့် မိုဒီသည် မိတ်ဆွေများဖြစ်ကြောင်း၊ မိုဒီသည် ကောင်းမွန်သည့် ဝန်ကြီးချုပ်ဖြစ်ကြောင်း၊ လက်ရှိ အခိုက်အတန့်တွင် မိုဒီ၏ လုပ်ဆောင်မှုများကို သဘော မတွေ့သော်လည်း အိန္ဒိယနှင့် အမေရိကန်ကြား အထူး ဆက်ဆံရေး ရှိသဖြင့် စိုးရိမ်စရာ မလိုကြောင်း ထရမ့်က ပြောကြားခဲ့သည်။
အိန္ဒိယဝန်ကြီးချုပ် မိုဒီကလည်း ထရမ့်၏ သဘောထားများနှင့် နှစ်နိုင်ငံ ဆက်ဆံရေးကို အကောင်းမြင်သည့်ဘက် မှ လေ့လာသုံးသပ်မှုကို ကျေးဇူးတင်ကြောင်း X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။
Source: ရိုက်တာ