CNI International News
ဝါရှင်တန်၊ မတ်လ ၁၁
ထရမ့်က အီရန်စစ်ပွဲ အမြန်ဆုံး အဆုံးသတ်နိုင်ရေး အခြေအနေနှင့်ပတ်သက်ပြီး ရုရှားသမ္မတ ပူတင် (Vladimir Putin) နှင့် ဖုန်းဆက်သွယ် ဆွေးနွေးခဲ့ကြောင်း ဖလော်ရီဒါ (Florida) ပြည်နယ်၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် ထည့်သွင်းပြောကြားခဲ့သည်ဟု South China Morning Post မှ ဖော်ပြခဲ့သည်။
“ကျနော်တို့ရဲ့ စစ်ရေးရည်မှန်းချက်တွေ ပြီးမြောက်ဖို့အတွက် အဓိ ကခြေလှမ်းတွေကို လှမ်းနိုင်ခဲ့ပြီ။ တချို့ ရည်မှန်းချက်တွေဆိုရင် ပြီးမြောက်သွားပြီလို့တောင် ပြောနိုင်ပါတယ်” ဟု ထရမ့်က ဆိုသည်။
အီရန်နိုင်ငံရှိ အမေရိကန်၏ စစ်ရေးရည်မှန်းချက်များသည် ပြီးဆုံးကာနီးပြီဖြစ်ကြောင်းနှင့် အရှေ့အလယ်ပိုင်း ပဋိပက္ခသည်လည်း အဆုံးသတ်ရန် နီးကပ်နေပြီဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) က မတ်လ ၉ ရက်တွင် ပြောကြားခဲ့သည်။
ထရမ့်၏ ပြောကြားချက်အပေါ် တုန့်ပြန်သည့် အနေဖြင့် အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့က “ဒီစစ်ပွဲရဲ့ အဆုံး သတ်ကို ဆုံးဖြတ်မှာက ကျနော်တို့ပဲ ဖြစ်တယ်”ဟု မတ်လ ၁၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ်
“အချိန်ဘယ်လောက်ပဲ ကြာပါစေ။ ကျနော်တို့ရဲ့ ဒုံးကျည်တွေနဲ့ သူတို့ကို ဆက်လက် တိုက်ခိုက်ဖို့ အပြည့်အဝ ပြင်ဆင်ထားပါတယ်” ဟု အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘက်စ် အာရက်ချီ (Abbas Araghchi) က PBS သတင်းဌာနကို ပြောကြားခဲ့သည်။
ထို့ပြင် အီရန်လုံခြုံရေးအကြီးအကဲ အလီ လာရီဂျာနီ (Ali Larijani) ကလည်း ဟော်မုဇ် ရေလက်ကြား (Strait of Hormuz) မှတဆင့် ရေနံစီးဆင်းမှု ရပ်တန့်သွားပါက အီရန်နိုင်ငံကို ပိုမိုပြင်းထန်စွာ တိုက်ခိုက်မည်ဆိုသည့် ထရမ့် ၏ ခြိမ်းခြောက်မှုများကို တုန့်ပြန်ခဲ့သည်။
“အီရန်ဟာ သင့်ရဲ့ ခြိမ်းခြောက်မှုတွေကို မကြောက်ဘူး။ သင့်ထက် ပိုပြီးအင်အားကြီးမားတဲ့ သူတွေတောင် အီရန် လူမျိုးတွေကို အမြစ်ပြတ်အောင် မလုပ်နိုင်ခဲ့ဘူး။ ခင်ဗျားကိုယ်တိုင် အမြစ်ပြတ် မသွားအောင်ပဲ သတိထားပါ” ဟု လာရီဂျာနီက X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ရုရှားသမ္မတ ပူတင်ကို တွေ့ရစဉ်
ထရမ့်က ဟော်မုဇ် ရေလက်ကြားမှတဆင့် ဘေးကင်းလုံခြုံစွာ ဖြတ်သန်းသွားလာနိုင်ရေးအတွက် အစွမ်းကုန် လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။
ထိုရေလက်ကြားကို ပိတ်ဆို့ရန် ကြိုးပမ်းမှုမှန်သမျှသည် ပျက်စီးဆုံးရှုံးမှုများကိုသာ ဖြစ်ပေါ်စေလိမ့်မည်ဟု အီရန်အစိုးရကို သတိပေးခဲ့သည်။
ပါရှန်းပင်လယ်ကွေ့နှင့် အိန္ဒိယသမုဒ္ဒရာတို့ကို ဆက်သွယ်ပေးထားသည့် ဟော်မုဇ် ရေလက်ကြားသည် ကမ္ဘာလုံး ဆိုင်ရာ ကုန်သွယ်ရေးနှင့် ရေနံစိမ်း၊ သဘာဝဓာတ်ငွေ့ရည် (LNG) များ သယ်ယူပို့ဆောင်ရေးအတွက် အလွန် အရေးပါသော အဓိက လမ်းကြောင်းတစ်ခုဖြစ်သည်။
Source: South China Morning Post
