CNI News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၃

မြန်မာနိုင်ငံ၏ ဆန်စပါးအပါအဝင် စိုက်ပျိုးရေးကဏ္ဍအားလုံးတွင် စိုက်ပျိုးမှုနှုန်း လျော့ကျပြီး အထွက်နှုန်း ထိခိုက်နေခြင်းသည် နယ်စပ်ကုန်သွယ်ရေးမှတဆင့် ပို့ကုန်တင်ပို့နိုင်မှု မရှိခြင်းကြောင့် ဖြစ်သည်ဟု ကုန်သည်များနှင့် စိုက်ပျိုးထုတ်လုပ်သူများက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် နိုင်ငံရေးအပြောင်းအလဲ ဖြစ်ပွားမှုကြောင့် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားပြီး မြန်မာ - တရုတ်နှင့် မြန်မာ - ထိုင်း နယ်စပ်ကုန်သွယ်ရေးများ ရပ်တန့်လာခဲ့ခြင်းဖြစ်သည်။

ထိုအချိန်မှစတင်၍ မြန်မာနိုင်ငံ၏ ပို့ကုန်လုပ်ငန်းသည် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးတစ်ခုကိုသာ အားထားနေရပြီး ပို့ကုန်လုပ်ငန်းများ ထိခိုက်မှုနှင့်အတူ စိုက်ပျိုးရေးထွက်ကုန်များသည်လည်း ဈေးကွက်မရှိခြင်း၊ ပြည်ပတင်ပို့ရန် အခက်အခဲရှိနေခြင်းတို့ကြောင့် စိုက်ပျိုးမှုနှုန်းများ ကျဆင်းလာခဲ့သည်။

ပြည်တွင်းတွင် စိုက်ပျိုးမှု ထိခိုက်နေခြင်းသည် ပင်လယ်ရေကြောင်း ကုန်သွယ်ရေးမှတဆင့် ဆန်၊ ပဲ၊ ပြောင်း တို့ကိုသာ အဓိကထား တင်ပို့နေကြပြီး ရက်ရှည်ထား၍ မရသည့် ဥပမာ ဖရဲသီးနှင့် ကြက်သွန်များကို တင်ပို့ရန် အခက်အခဲ ဖြစ်နေကြောင်း ပို့ကုန်လုပ်ငန်းရှင် ကိုစိုင်းကျော်က CNI သတင်းဌာနသို့ ပြောသည်။

အဓိကအားဖြင့် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကချင်ပြည်နယ်မှတဆင့် တင်ပို့သည့် တရုတ်နယ်စပ်ကုန်သွယ်ရေး ပိတ်ထားသည့် ရိုက်ခတ်မှုကြောင့် ဖြစ်သည်ဟု ၎င်းက CNI သတင်းဌာနသို့ ပြောည်။

နယ်စပ်ကုန်သွယ်ရေးတစ်ခု၌ ကုန်များအားတွေ့ရစဉ်

ပို့ကုန်လုပ်ငန်းရှင် ကိုစိုင်းကျော်က “အဓိက ကျနော်တို့နိုင်ငံ စိုက်ပျိုးရေးက ဈေးကွက်ပဲ။ အဲဒီဈေးကွက်ကလည်း တရုတ်ဈေးကွက်ပဲ။ အခု ကျနော်တို့ ဈေးကွက်က အသီးအနှံ၊ ဆန်နဲ့ ကောက်ပဲသီးနှံဆိုတာ တရုတ်ဈေးကွက်က အဓိကပဲ ယူနန်ပြည်နယ်ကိုလေ။ အာလူးတို့၊ ကြက်သွန်တို့လိုဟာမျိုးတွေကျတော့ ကွန်တိန်နာနဲ့ export ပို့ဖို့က မလွယ်ဘူးပေါ့နော်။ သူတို့က ကြာကြာထားလို့ရတဲ့ကိစ္စတွေလည်း မဟုတ်တော့လေ။ အဲဒီမှာ အဓိက နယ်စပ်ပေါ့လေ။ နယ်စပ်ကကြတော့ ကားနဲ့ ပို့ရတဲ့အချိန်မှာ အခုပို့လိုက်ရင် ဒီနေ့ပို့လိုက်ရင် မနက်ဖြန်၊ သန်ဘက်ခါဆို ရောက်ပြီဆိုရင် ဖရဲသီးကအစ အကုန်လုံးပေါ့။ နယ်စပ်က အခုက လုံးဝ ပိတ်ထားတာဆိုတော့ သွားမရဘူးဆိုတော့ မူဆယ်နယ်စပ်တို့ဘာတို့က အဲဒါတွေရဲ့ ရိုက်ခတ်မှုတွေ ဖြစ်တာပေါ့ အခုကတော့” ဟု ပြောသည်။

ယခင် နယ်စပ်ကုန်သွယ်ရေး ဖွင့်ချိန်တွင် ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကချင်ပြည်နယ်ရှိ တရုတ် - မြန်မာ နယ်စပ်ဂိတ်များမှတဆင့် ဆန်နှင့် ဆန်ကွဲ တန်ချိန် သိန်းနှင့်ချီ တင်ပို့ခဲ့ကြပြီး လက်ရှိ ပင်လယ်ရေကြောင်း ကုန်သွယ်ရေးတွင်လည်း တရုတ်နိုင်ငံက မြန်မာ့ဆန်ကို အဓိက ဝယ်ယူနေခြင်းဖြစ်သည်။

သို့သော်လည်း ကုန်သွယ်ရေးလမ်းကြောင်းသည် ပင်လယ်ရေကြောင်းတစ်ခုတည်းသာ ရှိသည့်အတွက် စိုက်ပျိုးထုတ်လုပ်သူများသည် ဈေးနှိမ်ဝယ်ယူခံနေရခြင်းကြောင့် အကျိုးအမြတ်မရှိဘဲ အရှုံးနှင့် ကြုံတွေ့နေရသည့်အတွက် ထုတ်လုပ်မှုနှုန်း ကျဆင်းခြင်း ဖြစ်သည်ဟု လယ်သမားဘဝ ဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌဟောင်း ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

 မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးဂိတ်

၎င်းက “ဆန်ဈေးကွက်ဆိုပါတော့ အရင်က ကုန်းပိုင်းကနေပြီးတော့ တရုတ် ရွှေလီနယ်စပ်ကနေပြီးတော့ ထွက်တဲ့ဆန်က တော်တော်များတယ်။ တရုတ်ကလည်း ဈေးတန်းလေး အပေးမိုက်တယ်။ အဲဒီတော့ ရှင်းရှင်းပြောရင် ပင်လယ် သင်္ဘောကနေသွားတဲ့ exporter တွေက နှိမ်ချင်တိုင်း နှိမ်လို့မရဘူး။ အခုကြတော့ တရုတ်လမ်းကြောကလည်း သွားလို့မရတဲ့အချိန်မှာ ပင်လယ်လမ်းကြောင်းကနေပြီးတော့ exporter လုပ်တဲ့ အဖွဲ့တွေရဲ့ ဈေးနှိမ်တာကို ဒီဖက်က တစ်ဖက်သတ် ဈေးဆိုင်မရှိဘူးဆိုပါတော့ကွာ။ ဒီဘက်က ဝယ်လက်က တစ်ခြမ်းတည်းဖြစ်နေတော့ တစ်ခြမ်းအပြိုင်မရှိတဲ့အတွက် နှိမ်ချင်တိုင်း နှိမ်လို့ရသွားတယ် အဲဒါ ဆန်ဈေးကွက်။ ဈေးကွက်မရှိဘဲ အတင်းနင်းစိုက်ခိုင်း၊ စိုက်တဲ့သူသာလျှင် ရှုံးပြီးတော့၊ အကျိုးအမြတ်ရှိရင် အဲဒီထုတ်ကုန်က အော်တို ဈေးက ထုတ်လုပ်မှုက တိုးတက်သွားမှာပဲ” ဟု ပြောသည်။

ဆန်စပါးအပါအဝင် ကောက်ပဲသီးနှံများကို စိုက်ပျိုးထုတ်လုပ်ရာတွင် စိုက်ပျိုးစရိတ်သည် တစ်နှစ်ထက်တစ်နှစ် ၂ ဆမှ ၃ ဆအထိ တိုးမြှင့်လျက်ရှိသော်လည်း စိုက်ပျိုးရေးထွက်ကုန်များသည် ပြည်ပဈေးကွက် မရှိခြင်း၊ သယ်ယူပို့ဆောင်ရေး အခက်အခဲများကြောင့် ဈေးကောင်းမရဘဲ တောင်သူများမှာ နှစ်စဉ် အရှုံးနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။

ထို့ပြင် တချို့သော ဒေသများတွင် နယ်မြေတည်ငြိမ်မှု မရှိခြင်းကြောင့် စိုက်ပျိုးမှုနှုန်းသည်လည်း လျော့ကျလျက်ရှိနေကြောင်း၊ တချို့သော တောင်သူများသည် အရှုံးနှင့် ရင်ဆိုင်ခဲ့ကြရခြင်းကြောင့် စိုက်ပျိုးမှု နှုန်းကို ရပ်နားလာကြပြီး တခြားသော မွေးမြူရေးလုပ်ငန်းများကိုလည်း ပြောင်းလဲလုပ်ကိုင်လာကြသည်ကို တွေ့ရသည်။

တစ်ဖက်တွင်လည်း နိုင်ငံတော်အစိုးရအနေဖြင့် စိုက်ပျိုးစရိတ်ချေးငွေများကို ထုတ်ချေးပေးသော်လည်း အချိန်မီ မရှိခြင်း၊ ဓာတ်မြေဩဇာများကိုလည်း အချိန်မီ ကူညီထောက်ပံ့မှု မရှိခြင်းတို့ကြောင့် စိုက်ပျိုးထုတ်လုပ်သည့် တောင်သူများမှ ကုန်ကျစရိတ် ပိုမိုကုန်ကျလျက်ရှိနေသည်။