CNI News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆

မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးမှု အလွန်နိမ့်ကျနေသော စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံ့ဖြိုး‌ ရေးအတွက် လိုအပ်တာများ လုပ်ပေးသွားမည်ဟု နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောသည်။

၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်တွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နှင့် လေရှီးမြို့တို့ရှိ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် တွေ့ဆုံစဉ် ၎င်းက အထက်ပါ အတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ မိမိအနေဖြင့် နာဂဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည်များ ဆောင် ရွက်ပေးနိုင်ရန်အတွက် လာရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ လဟယ်မြို့တွင် ရိုးရာပွဲတော် ကျင်းပရန်အတွက် ပွဲတော် ကွင်းနှင့် ဘက်စုံသုံး ခန်းမ တည်ဆောက်ရန်အတွက် ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ နာဂဒေသ အတွင်း လမ်းပန်ဆက်သွယ်မှုများ ကောင်းမွန်စေရေး ပြည်မအတွင်းသို့ ဆက်သွယ်သည့် လမ်းများကို ဦးစားပေး အနေဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လမ်းပန်းဆက်သွယ်မှုများ အဆင်ပြေစေရေးအတွက် ချင်းတွင်း မြစ်ကူးတံတား(ထမံသီ)ကို ယနေ့တွင် ဖွင့်လှစ်ပေး နိုင်ခဲ့ပြီဖြစ်သည်”ဟု ပြောသည်။

ဟုမ္မလင်းခရိုင်နှင့် နာဂဒေသကို ချိတ်ဆက်ထားသော ချင်းတွင်းတံတား(ထမံသီ)ကို ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်က ဖွင့်လှစ်ပေးခဲ့သည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ နာဂဒေသသည် သွားလာရန် ခက်ခဲသဖြင့် လမ်းပန်းဆက်သွယ်မှုများ ကောင်းမွန်စေရေး လမ်းများအဆင့်မြှင့်တင်ခြင်း လုပ်ငန်းများကို ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်စေလျက်ရှိ ကြောင်း၊ အလားတူ လဟယ်ဒေသနှင့် နန်းယွန်းဒေသသို့ ဆက်သွယ်သည့် လမ်းအား ရာသီမရွေး သွားလာနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်မသို့ ဆက်သွယ်သည့်လမ်းများ အဆင်ပြေချောမွေ့စွာဖြင့် သွားလာနိုင်ရေး ကြိုးပမ်း ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လမ်းပန်းဆက်သွယ်မှု အခက်အခဲများကြောင့် ဒေသဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် ပစ္စည်းများ သယ်ယူပို့ဆောင်ရန် အခက်အခဲများ ရှိကြောင်း၊ ထို့ကြောင့် ဒေသ တွင်း လမ်းပန်းဆက်သွယ်မှုများ လုံခြုံချောမွေ့စေရေး မိမိတို့အနေဖြင့် ဆက်လက် ဆောင်ရွက်ပေးသွားမည်”ဟု ပြောသည်။

လဟယ်မြို့နယ်ဆေးရုံအတွက် ဆရာဝန်လိုအပ်ရှိပါက တပ်မတော်အထူးကုဆရာဝန်များ စေလွှတ်ပေးမည်ဖြစ် သလို ကျန်းမာရေး ဝန်ထမ်းများ ခန့်အပ်ပေးမည်ဖြစ်ကြောင်း၊ ကုသရေးဆိုင်ရာ ပစ္စည်းများကိုလည်း တတ်နိုင် သမျှ ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည်ဟု ၎င်းက ပြောသည်။

ဌာနဆိုင်ရာဝန်ထမ်းများကတော့ နာဂဒေသအဆင့်နှင့် သင့်လျော်သည့် ဌာနဆိုင်ရာ အဖွဲ့များအား လိုအပ်သလို တိုးမြှင့်ဖွဲ့စည်းပေးရန်၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မြို့တော်ခန်းမ ဆောက်လုပ်ပေးရန်၊ သဘာဝဘေး အန္တရာယ် ဆိုင်ရာစီမံခန့်ခွဲ့မှုဌာန ဖွဲ့စည်းပေးရန်၊ တယ်လီဖုန်း ဆက်သွယ်မှုများ ပိုမိုကောင်းမွန်စေရေး ဆောင်ရွက် ပေးရန်၊ နယ်စပ်ကုန်သွယ်ရေးကိစ္စရပ်များ ဆောင်ရွက်ပေးရန်၊ လေရှီးမြို့ပေါ် ရပ်ကွက်အချို့နှင့် ကျေးလက်ဒေသ များ လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေး မတူဂီရေအားလျှပ်စစ် ဓာတ်အား ထုတ်လုပ်မှု စက်ရုံအတွက် ရေလုံ လောက်စွာရရှိရေး အဆင့်မြင့်ရေလှောင်ကန်နှင့် အဆင့်မြင့်စက်ပစ္စည်းများ ဖြည့်ဆည်း တည်ဆောက်ပေးရန်၊ ထမံသီ-လေရှီး-ဆွမ္ပရာ လမ်းကြောင်းအား ရာသီမရွေး သွားလာနိုင်ရေး ဆောင်ရွက်ပေးရန် တင်ပြ တောင်းဆိုခဲ့ သည်။

လေရှီးဒေသနှင့် လဟယ်ဒေသတွင် ဝမ်းစာဖူလုံမှု မရှိသည်ကို တွေ့ရကြောင်း၊ ဒေသဝမ်းစာ ဖူလုံရေးသည် အရေး ကြီးလိုအပ်ချက်ဖြစ်သဖြင့် ကုန်းမြင့်လယ်များကို မဖြစ်မနေ ဖော်ဆောင်ပေးသွားမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများအတွက် လိုအပ်သည့် ရေများရရှိအောင် စီမံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ လဟယ်ဒေသတွင် ပြောင်းနှင့်အာလူးများကို တိုးချဲ့စိုက်ပျိုးသွားရန်လိုကြောင်း၊ ဒေသမှ ထွက်ရှိသည့် လက်ဖက်-မက်မန်း-ကော်ဖီ- လိမ္မော်နှင့် ထောပတ်ပင်များ တိုးတက်စိုက်ပျိုး ထုတ်လုပ်သွားနိုင်ရန်လိုကြောင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် က ပြောသည်။