CNI News

၂၀၂၆ ခုနှစ်၊ မေလ ၂၆

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ဆန်စပါးဖူလုံရေးအတွက် အတည်တကျ လုပ်ကိုင် နိုင်မည့် လှေကားထစ်လယ်ယာ စိုက်ပျိုးရေးများကို ဖော်ဆောင်ပေးရန် လိုအပ်ကြောင်း နာဂအမျိုးသားပါတီ (NNP) မှ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမော်လိပ်က CNI သတင်းဌာနသို့ ပြောသည်။

လက်ရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ရွှေ့ပြောင်းတောင်ယာများကိုသာ အဓိကထား လုပ်ကိုင်နေကြသည့်အတွက် ဆန်စပါးဖူလုံမှု မရှိသလောက်ဖြစ်ကြောင်း၊ ထို့ပြင် လမ်းပန်း ဆက်သွယ်ရေးအခက်အခဲများ‌ကြောင့် ဆန်စပါးများမှာလည်း မရောက်နိုင်ကြောင်း ၎င်းက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမော်လိပ်က”ဒီရွှေ့ပြောင်းတောင်ယာလေးတွေပဲ အများအားဖြင့် အဲဒီလိုလုပ်ကိုင်ကြတာဖြစ်တဲ့အတွက် ကျနော်တို့ဒေသမှာ ဒီဆန်စပါးတော့ နည်းနည်း ဖူလုံမှုမရှိ မရှိသလောက်အဲဒီလိုဖြစ်နေတယ်ပေါ့နော်။ ဒီအခုဆိုရင်လည်းပဲ ကျနော်တို့လမ်းပန်း ဆက်သွယ်ရေးခက်ခဲမှုကြောင့် အဲဒီလိုမျိုး မရောက်နိုင်ဘူးပေါ့နော်။ အဲဒီအတွက် ဒေသမှာနည်းနည်း ဒီဆန်စပါးတော့ နည်းနည်းရှားပါးမှု‌လေးတွေတော့ နည်းနည်းတော့ရှိပါတယ်။ အဲဒီအတွက်ကျနော်တို့ ဒေသမှာ လှေကားထစ်လယ်ယာလေးတွေပေါ့ နောက်ဆန်စပါးလည်း ဖူလုံမှုရှိမယ်။ တောင်ယာလေး တွေလည်း လျော့ကျသွားမယ်ပေါ့နော်။ ဒီအတည်တကျလုပ်နိုင်မယ့် ဒီလှေကားထစ်လယ်ယာလေးတွေ ကျနော်တို့လယ်ယာလေးတွေ ဖော်ပေးမယ်ဆိုရင် ဒီဒေသအတွက် ဆန်စပါးလည်းဖူလုံမယ်။ ဒီလှေကားထစ်လယ်ယာဖော်ခြင်းအားဖြင့် ကျနော်တို့ဒီဆန်စပါးအထွက်လည်း ဒီအောက်နဲ့ သယ်ယူစရာ မလိုတော့ဘူးပေါ့နော်။ ရာသီ သီးနှံလေးတွေလည်း အဲဒီလိုမျိုး ဒီစိုက်လို့ရမယ်။ အဲဒါမျိုးဆိုရင် တချို့ ဒီဆန်စပါး ဖူလုံမယ်၊ ဒီဒေသအတွင်းမဟုတ်ဘူး ကျနော်တို့ ဒီတခြားဒေသတွေမှာ ပါ ကျနော်တို့ ပို့လို့ရနိုင်တဲ့ အနေအထားလေးတွေရနိုင်တယ်ပေါ့” ဟု ပြောသည်။

နာဂဒေသရှိ စိုက်ပျိုးရေးလုပ်ငန်းများကိုတွေ့ရစဉ်

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂတောင်တန်းဒေသ (လေရှီး၊ လဟယ်၊ နန်းယွန်း) တွင် မြေမျက်နှာသွင်ပြင် နှင့် ရာသီဥတုအခြေအနေများကြောင့် ဆန်စပါးစိုက်ပျိုးမှုအားနည်းပြီး အဓိက စားနပ်ရိက္ခာဖြစ်သော ဆန်စပါးရှားပါးမှုနှင့် ဈေးနှုန်းမြင့်တက်မှုများ မကြာခဏ ကြုံတွေ့ရလေ့ရှိကြောင်း နာဂအဖွဲ့အစည်း ခေါင်းဆောင်များက ထောက်ပြကြသည်။

နာဂဒေသတွင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေသော ရွှေ့ပြောင်းတောင်ယာစနစ်အစား ရေရှည် တည်တံ့ပြီး စိုက်ပျိုးရေးအထွက်နှုန်းတိုးစေမည့် ခေတ်မီတောင်စောင်း စိုက်ပျိုးနည်းစနစ်ကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

လက်ရှိနာဂဒေသတွင် စိုက်ပျိုးရေးလုပ်ငန်းများမှာ ထုတ်ကုန်မရှိသောကြောင့် ဒေသခံလူထုသည် စိုက်ပျိုးရေးတွင် အားစိုက်မှုမရှိကြကြောင်း နာဂအမျိုးသားပါတီ (NNP) မှ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမော်လိပ်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “စိုက်ပျိုးရေးကြတော့ ကျနော်တို့ဒီဘက်မှာအများဆုံးကတော့ ကျနော်တို့ဒီရွေ့ပြောင်းတောင်ယာလေး တွေ အဲဒီလိုလုပ်ကြတာရှိတယ်။ ဒါပေမယ့် ဒီကထိလယ်ယာ (ခေါ်) လှေကားထစ်လယ်ယာလေးတွေလည်း အခုဒီ လုပ်ဖို့စီစဥ်ထားတာလေးတွေတော့ရှိတာပေါ့။ တချို့တွေကြတော့လည်း လက်ရှိလုပ်နေတာလေးတွေလည်းရှိပါ တယ်ဗျ။ လှေကားထစ်လယ်ယာလေးတွေပေါ့။ လက်ရှိမှာလည်း အဲဒီလိုမျိုး လှေကားထစ်လယ်ယာဖော်ဖို့ စီမံ ချက်တွေလည်းရှိပါတယ်။ ဒီအများအားဖြင့်ကတော့ ဒီရွှေ့ပြောင်းတောင်ယာလေးတွေလုပ်ကိုင်နေကြတာပိုများ ပါသေးတယ်ဗျ အခုကတော့။ နာဂဒေသမှာအခုက ဒီရွှေ့ပြောင်းတောင်ယာကနေပြီးတော့ လှေကားထစ်လယ် ယာ ကူးပြောင်းနိုင်ရေးအတွက်ကို ကျနော်တို့အဲဒီလိုလုပ်ဆောင်သွားဖို့ စီစဥ်မှုတော့ရှိပါတယ်ဗျ။ မြေပြန့်မှာစိုက် လိုက်တယ်။ ဒီသစ်သီးဝလံလေးတွေ အဲဒီလိုလည်း ထွက်တယ်။ ဒါပေမယ့် ကျနော်တို့ဒီထုတ်ကုန်မရှိတော့ ပြည်သူတွေက သိပ်အားမစိုက်ကြဘူးပေါ့” ဟု ပြောသည်။

နာဂလူမျိုးများအားတွေ့ရစဉ်

နာဂဒေသ၏ ကုန်းမြင့်စိုက်ပျိုးရေးနှင့် ကထိလယ်ယာ (ခေါ်) လှေကားထစ်လယ်ယာများဖော်ဆောင်ရာ တွင် တောင်ကုန်းထူထပ်သော နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (လဟယ်၊ လေရှီး၊ နန်းယွန်း) များ၌ မြေဆီလွှာတိုက်စားမှုကာကွယ်ရန်နှင့် ဝမ်းစာဖူလုံစေရန် ရည်ရွယ်ကြောင်း သိရသည်။

လယ်ယာမြေ ပြန့်ပြူးမှုမရှိခြင်းနှင့် ရာသီဥတု အခြေအနေကြောင့် ဆန်စပါးကို လုံလောက်အောင် မစိုက်ပျိုးနိုင် ဘဲ ယာစိုက်ပျိုးရေးကိုသာ အဓိက အားထားရပါပြီး၊ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု ကန့်သတ်ချက်များ၊ ပိုးမွှား ကျရောက်မှုနှင့် သဘာဝဘေးအန္တရာယ်များကြောင့် ဆန်စပါး အထွက်နှုန်းမှာ ဒေသတွင်း ဖူလုံမှုအတွက် လိုအပ် ချက်များစွာ ရှိနေဆဲ ဖြစ်ပါသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (လဟယ်၊ လရှိုး၊ နန်းယွန်း) ရှိ အိမ်ထောင်စု အများစုသည် တောင်ယာ စိုက်ပျိုးရေးကိုသာ အဓိက အသက်မွေးဝမ်းကျောင်းအဖြစ် လုပ်ကိုင်ကြသည့်အတွက် စာရင်းအချက်အလက် အတိအကျမသိရသော်လည်း တစ်နှစ်လျှင် ပျမ်းမျှ တောင်ယာစိုက်ဧက ၃ သောင်းကျော်မှ ၅ သောင်းဝန်းကျင် ကြားတွင် ရှိနေနိုင်ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် ဖွံဖြိုးမှု အလွန်နိမ့်ကျနေသော စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွံဖြိုး‌ ရေးအတွက် လိုအပ်တာများ လုပ်ဆောင်ပေးသွားမည်ဟု လက်ရှိ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်သည် ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁၆ ရက်နေ့က နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့စဉ်က ပြောကြားထားသည်။