CNI News
၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၂၆
ဆန်စပါး အဓိကအများဆုံး စိုက်ပျိုးထွက်ရှိသည့် ဧရာဝတီတိုင်းဒေသကြီးသို့ စစ်မီးကူးလာပါက အငတ်ဘေး သေချာပေါက် ကြုံလာနိုင်သည်ဟု စိုက်ပျိုးရေးလုပ်ကိုင်သူများနှင့် ဈေးကွက်အကြံပေးများက CNI သတင်းဌာနသို့ ပြောသည်။
လက်ရှိ ရခိုင်ပြည်နယ်တွင် ဖြစ်ပွားနေသော AA ၏ တိုက်ပွဲသည် အမ်းမြို့ကို သိမ်းပိုက်နိုင်ခဲ့ပြီး ဂွ မြို့သိမ်း တိုက်ပွဲကိုလည်း ဆင်နွှဲလျက်ရှိသည်။
ထို့ကြောင့် အမ်းမြို့မှတဆင့် မကွေးသို့လည်းကောင်း၊ ဂွမှတဆင့် ဧရာဝတီသို့လည်းကောင်း AA မှ စစ်မျက်နှာပြင် ချဲ့ထွင်လာနိုင်သည်ဟု စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များက ထောက်ပြနေကြသည်။
ဧရာဝတီကိုသာ စစ်ရေးကူးလာပါက တခြားသော စိုက်ပျိုးသည့်ဒေသများမှ တစ်နိုင်ငံလုံးသို့ စားနပ်ရိက္ခာ ဖြန့်ချိပေးရန်မှာ မလွယ်ကူနိုင်ကြောင်း တောင်သူတစ်ဦးက CNI သတင်းဌာနသို့ ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးကို တွေ့ရစဉ်
၎င်းက “စစ်ကိုင်းဘက်မှာဆိုလည်း ပြေးရလွှားရနဲ့ မစိုက်ပျိုးနိုင်ခဲ့တာတွေ ရှိခဲ့တော့ ဘာပဲပြောပြော ပြည်တွင်း စားနပ်ရိက္ခာဖူလုံမှုမှာ ခြိမ်းခြောက်လာပြီပေါ့။ အခုက ခြိမ်းခြောက်တဲ့ အဆင့်တောင် မဟုတ်တော့ဘူး တကယ်ကို ကြုံတွေ့ရမယ့်အဆင့် ရောက်နေပြီ။ အဲဒီကမှ အများဆုံးထွက်တယ်လို့ ပြောလို့ရတဲ့ ဧရာဝတီတိုင်းကို လာမယ် ဆိုရင်တော့ အလားတူလိုမျိုး ဖြစ်လာမှာပေါ့။ အဲဒီတော့ တကယ်တမ်းသာဖြစ်လာခဲ့မယ်ဆိုရင် အငတ်ဘေး ဆိုက်ဖို့အခြေအနေတွေက ပိုများလာပြီပေါ့။ တကယ်တမ်းဖြစ်ပြီဆိုရင် ပြေးကြလွှားကြမှာလေ။ ဘယ်သူမှတော့ ကျည်ဆံတွေကြားထဲမှာတော့ စိုက်ပျိုးနေမှာ မဟုတ်ဘူးပေါ့။ သေချာတာကတော့ အငတ်ဘေးကို တကယ် နဖူးတွေ့ဒူးတွေ့ ကြုံလာနိုင်တော့မှာ တကယ်သာဖြစ်ခဲ့ရင်ပေါ့လေ။ ရခိုင်က စစ်မီးက ဒီဘက်အထိပါ ကျယ်ပြန့် လာ မယ်ဆိုရင်ပေါ့။ အဓိက ဆန်အများဆုံး ထွက်နေတာက ဧရာဝတီရှိတယ်၊ နောက် မြန်မာနိုင်ငံအလယ်ပိုင်းက ပျဉ်းမနား၊ တပ်ကုန်း အဲဒီတဝိုက်ရှိမယ်၊ နောက် ရန်ကုန်တို့ ပဲခူးတို့ကတော့ ရှိတော့ရှိတယ်။ ဒါပေမယ့် ဆန်ထက် ကို ပဲတို့ ဘာတို့ ပိုများတယ်။ အဓိက ဆန်ထွက်နေတဲ့ နေရာတွေက ဧရာဝတီက အများဆုံး ထွက်တယ်။ တပ် ကုန်း၊ ပျဉ်းမနား၊ စစ်ကိုင်းဘက် ရွှေဘိုဘက်က ပိုများတယ်၊ မုံရွာက မိုးနည်းသွားလို့ ပဲက ပိုများတယ်” ဟု ပြော သည်။
စိုက်ပျိုးရေး အဓိကလုပ်သည့် စစ်ကိုင်းတိုင်းဒေသကြီးဘက်တွင် တိုက်ပွဲများနှင့် နယ်မြေ မတည်ငြိမ်မှုများကြောင့် ဆန်စပါး မစိုက်ပျိုးနိုင်သည်မှာ ၃ နှစ်ကျော်ရှိနေသဖြင့် ဧရာဝတီတိုင်းဒေသကြီးမှ ထွက်ရှိသည့် ဆန်စပါးများကို သာ အဓိက အားထားနေရသည်။
ဆန်ဂိုဒေါင်ကိုတွေ့ရစဉ်
ထို့ပြင် ပြည်တွင်း စားနပ်ရိက္ခာ ဖူလုံရေးအတွက် အရန်ဆန် အလုံအလောက်ရှိသည်ဟု ထုတ်ဖော် ပြောဆိုနေကြ သော်လည်း ၎င်းရိက္ခာဖူလုံရေးမှာ ကာလတစ်ခုအထိသာ ဖူလုံမှာဖြစ်ကြောင်း၊ နှစ်အကြာကြီးအထိ မဖူလုံနိုင် ကြောင်း စိုက်ပျိုးရေးနှင့် စီးပွားရေးအကြံပေး ကိုဇော်မင်းနိုင်က CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “သူတို့အမြဲထုတ်ပြန်နေတဲ့ အရန်ဆန် အလုံအလောက် ရှိပါတယ်ဆိုတာက အမြဲပြောပြောနေတယ်ပေါ့။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်တို့၊ သက်ဆိုင်ရာတွေကလည်း ပြောနေကြတယ်ပေါ့။ ပြောနေတာတွေသည် ကိန်းဂဏန်းက ကိန်းဂဏန်းပဲပေါ့။ တကယ်ရှိတယ်၊ မရှိဘူးဆိုတာတော့ သူတို့ပဲ အသိဆုံးဖြစ်မှာပေါ့။ ဖြစ်နိုင်ခြေရှိ တာကတော့ ကာလတစ်ခုအထိပဲ အဲဒါကရှိမှာပေါ့။ နှစ်အကြာကြီးတော့ ခံဖို့မလွယ်ဘူး။ နှစ်တောင်မှ တစ်နှစ် မပြောနဲ့ ခြောက်လပေါ့။ ခြောက်လအတွက်တောင် ဖူလုံရဲ့လားပေါ့ဆိုတဲ့ ဟာမျိုးတွေရှိတာကို။ ဟိုတလောက ကြားလိုက်တယ် source တော့ သေချာမသိဘူး။ နိုင်ငံခြားဆန် တင်ပို့နေတာတွေကို ရပ်လိုက်မယ်၊ ပြည်တွင်း စားနပ်ရိက္ခာ ဖူလုံဖို့ကို ဦးစားပေးမယ်ဆိုတဲ့ ဟာမျိုးတွေ ကြားလိုက်တယ်ပေါ့။ ဒါဆိုရင် အရန်ဆန် လိုအပ်ချက် တွေရှိလာလို့ ဒီလိုမျိုး Approach ကို ပြောင်းတယ်လို့ထင်တယ်။ ရှိခဲ့တယ်ဆိုရင်တောင် အချိန်အတိုင်းအတာလေး တစ်ခုပဲပေါ့။ ကာလတိုတစ်ခုလောက်ပဲ ထောက်ပံ့ပေးနိုင်မှာပေါ့ အရန်ဆန်က။ အဲဒီအချိန်ကာလကျော်ရင်တော့ ဘာမှမတတ်နိုင်ဘူးပေါ့။ ထပ်ထွက်တာလည်း မရှိဘူးဆိုရင်တော့ ဒုက္ခရောက်ပြီပေါ့” ဟု ပြောသည်။
ဧရာဝတီတိုင်းဒေသကြီးသည် မိုးစပါးဧက (၃၇)သိန်းကျော်နှင့် နွေးစပါးစိုက်ဧက (၁၃) သိန်းကျော် ထွက်ရှိပြီး စုစုပေါင်း စပါးတင်း သိန်းပေါင်း (၄၀၀၀) ကျော်ခန့် ထွက်ရှိလျက်ရှိသည်။