CNI News

၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၇ 

မြန်မာနိုင်ငံမှာ လယ်ယာစိုက်ပျိုးရေး လုပ်သားများ နည်းပါးလာခြင်းကြောင့် လယ်ယာလုပ်ငန်းများ ပျက်စီး ဆုံး ရှုံးသွားမှာကို  တောင်သူလယ်သမားများမှ စိုးရိမ်နေကြသည်ဟု စပါးစိုက်တောင်သူများက CNI သတင်းဌာနသို့ ပြောသည်။

လယ်ယာလုပ်ငန်းမှာ ဝင်ငွေနည်းပြီး လုပ်ခလစာ မလုံလောက်ခြင်းကြောင့် လယ်ယာအလုပ်ကို စွန့်ခွာသူများ များပြားလာပြီး လုပ်သားအင်အား နည်းလာကြောင်း၊ ထို့နောက် လယ်ယာလုပ်ငန်းများမှာ  ထိခိုက်နစ်နာမှုများ ရှိသည်ဟု ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ဓညဝတီစိုက်ပျိုးရေးအသင်းဥက္ကဌ ဦးမောင်သိန်းလှက ပြောသည်။

၎င်းက  “ လူငယ်တွေကတော့ ပြောရမယ်ဆိုရင် လယ်ပိုင်ယာပိုင် တစ်ဆယ်ကျော် နှစ်ဆယ်ကျော် ဝန်းကျင် လောက်က နွေရာသီမှာ အခက်ခဲတွေကြားက နိုင်ငံခြားကို ထွက်သွားကြတာတွေ ရှိတယ်။ အခုလည်း ပြောမယ် ဆိုလို့ရှိရင်  ဒီအခြေအနေမျိူးမှာ တစ်ခုခု ဘယ်လိုဖြေရှင်းရမလဲ အခြေအနေ ကောင်းတစ်ခုပါလာမလား ဒါမှ မဟုတ် မျိုးစပါး ထောက်ပံ့မှုများရှိမလား သွင်းအားစုတွေကို ထုတ်ချေးမယ့် အဖွဲ့တွေရှိမလား။ တစ်ခုခု မရှိဘူး ဆိုရင်တော့ ကောင်းကောင်းမွန်မွန် လယ်မထွန် ရဘူးဆိုရင် သေချာပါပြီ၊ အဲဒီလို အခြေအနေမျိုးတွေ မျှော်လင့် ချက် မရှိဘူးဆိုရင် ဒေသက လူငယ်တွေလည်း တစ်ခုခုကို လုပ်ငန်းပြောင်းဖို့ နိုင်ငံခြားထွက်တာပဲဖြစ်ဖြစ် တခြား လုပ်ငန်းဖြစ်ဖြစ် ပြောင်းတာမျိုး ဖြစ်လာနိုင်ပါတယ်။ လုပ်သားနည်းပါးတာတော့ အခုကတည်းက သေချာနေပါပြီ။ ဒီနှစ်မှာတော့ ဆိုးဆိုးဝါးဝါး ထိခိုက်နိုင်တဲ့ အနေအထားရှိတယ်။ တကယ်လို့ ဆိုလို့ရှိရင် မျိုးစေ့ ထုတ်တာပေါ့နော်။ မျိုးစေ့ထုတ်တဲ့အခါမှာ လူလုပ်အားကို အများဆုံး သုံးရတယ်။ အဲဒီလို အခြေအနေမျိုးမှာ လုပ်သားရှားပါးတဲ့ အတွက် ဒီနှစ်မှာ လုပ်ရမယ့် ကိုင်ရမယ့် ဟာကိုတောင် ကြောက်လန့်နေတယ်။ ပြောရမယ်ဆိုရင် အဆမတန် မရှိတဲ့လူကို လိုက်ပြီးရှာရတဲ့အခါ အလုပ်သမားဈေးတွေ တက်တာတို့ လိုအပ်တဲ့ အလုပ်သမားတွေကို မရနိုင်တာ တို့ အဲလို အခြေအနေမျိုးတွေနဲ့ ရင်ဆိုင်ရနိုင်ပါတယ်”ဟု ပြောသည်။

တောင်သူတစ်ဦး လယ်ထွန်နေစဉ်

မြန်မာနိုင်ငံရှိ လူသားအရင်းအမြစ်များကို ပြည်ပထွက်ခွာမှုနည်းစေရန်အတွက် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရန် လိုအပ်ကြောင်း၊ အလုပ်အကိုင် အခွင့်အလမ်းများ ရရှိရေးအတွက် အစိုးရက နိုင်ငံခြား ရင်းနှီးမြှုပ်နှံ မှုများ ဝင်လာအောင် ဖော်ဆောင်ပေးရမည်ဖြစ်ကြောင်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း က CNI သတင်းဌာန သို့ ပြောသည်။ 

၎င်းက “အမှန်တကယ် လုပ်ရမှာက ကိုယ့်နိုင်ငံမှာ နိုင်ငံရေး အခြေအနေကောင်း ဖြစ်အောင် ဖော်ဆောင်ပြီးတော့ နိုင်ငံခြားကနေလာပြီး ရင်းနှီးမြှုပ်နှံချင်တဲ့ နိုင်ငံတစ်ခုဖြစ်အောင် ဖော်ဆောင်ရမှာက အစိုးရတွေရဲ့ တာဝန်ပေါ့ နော်။ တိုင်းပြည်ကို ကောင်းအောင် အုပ်ချုပ်ချင်တဲ့ အစိုးရတွေရဲ့တာဝန်က ကိုယ့်နိုင်ငံသားတွေကို အလုပ်အကိုင် ပေါပေါများများနဲ့ လုပ်တဲ့ အလုပ်အကိုင်ကလည်း သူတို့ရဲ့ စားဝတ်နေရေးကို အထောက်အကူ ရရှိစေတဲ့ လုပ်ငန်း တွေ များများ ဖော်ဆောင်ရမယ်”ဟု ပြောသည်။

စားဝတ်နေရေး မဖူလုံခြင်းကြောင့် ပြည်ပထွက်ခွာ၍ လုပ်ကိုင်ကြရခြင်း ဖြစ်ကြောင်း၊ လယ်ယာလုပ်ငန်းမှာ အရှုံး မရှိဘဲ အမြတ်ရ မည်ဆိုပါက လယ်ယာလုပ်ငန်းကို ပြန်လည်လုပ်ကိုင်ကြမည် ဖြစ်ကြောင်း ဧရာဝတီတိုင်း ဒေသ ကြီးက လယ်သမားဘဝဖွံ့ဖြိုးရေးအသင်းဥက္ကဋ္ဌ ဦးသိန်းအောင်က CNI သတင်းဌာနသို့ ပြောသည်။

တောင်သူတစ်ဦး ပိုးသတ်ဆေးဖြန်းနေစဉ်

၎င်းက “ရှုံးရင်တော့ မလုပ်ကြဘူးပေါ့နော်။ အမြတ်ရှိရင်တော့ လုပ်ကြမှာ။ ဗမာပြည်က လူတွေက လယ်ယာ လုပ်ငန်းပဲ ကျွမ်းကျင်တာ။ ဘယ်လိုဖြစ်လဲဆိုတော့ ဒီမှာ နိုင်ငံခြားသွားစရာ လူမရှိ ဒီမှာလုပ်ခြင်းအားဖြင့် ဟိုနှစ်က စပါးဈေး မကောင်း၊ ပဲထွက် မ‌ကောင်းတဲ့ ဟာကျတော့ ရှုံးတယ်။ ရှုံးတော့ အတိုးနဲ့ ဘာနဲ့ အကြွေးတွေ ဘာတွေ တင်တော့ ရှိတဲ့လယ် တစ်ဧကကို ဖဲ့ရောင်းလိုက် အကြွေးဆပ်လိုက်ပေါ့ကွယ်”ဟု ပြောသည်။

လယ်ယာစိုက်ပျိုးရေး လုပ်ငန်းမှ ရရှိသောဝင်ငွေသည် မိသားစုများ၏ ဝမ်းစာ မဖူလုံခြင်းကြောင့် လယ်ယာ လုပ်ငန်းကို စွန့်ခွာ၍ ဝင်ငွေပိုရသည့် ပြည်ပနိုင်ငံများသို့ ထွက်ခွာကာ အလုပ်အကိုင် ရှာဖွေလာကြကြောင်း တောင်သူများက ပြောသည်။