CNI Sport Article
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၅
ဘရာဇီးလ်ကြယ်ပွင့် နေမာဟာ ဒူးဒဏ်ရာကြောင့် ၂၀၂၅ ခုနှစ်ထဲ ကစားဖို့ရှိနေတဲ့ ဆန်းတို့စ်အသင်းရဲ့ ဘရာဇီးလ် ထိပ်တန်းလိဂ် လက်ကျန်ပွဲတွေကို ပါဝင်မကစားဖို့ ဆရာဝန်တွေရဲ့ အကြံပေးခြင်းကို ခံထားရပါတယ်။
ဒီအချိန်မှာ နေမာရဲ့ ငယ်ဘဝကလပ် ဆန်းတို့စ်အသင်းဟာ ဘရာဇီးလ် ထိပ်တန်းလိဂ်မှာ တန်းဆင်းဇုန်ထဲ ကျရောက်နေပြီး တန်းဆင်းရမယ့် အခြေအနေနဲ့ ကြုံတွေ့နေရပါတယ်။
နေမာဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့သူ ဖြစ်တာကြောင့် ဆန်းတို့စ်အသင်းအတွက် ထပ်ပြီး ပါဝင်ကစားမယ်ဆိုရင် သူ့ရဲ့ဒဏ်ရာ အခြေအနေက ပိုပြီးဆိုးရွားသွားနိုင်တာပါ။
ဒါပေမယ့် နေမာကတော့ ဆရာဝန်တွေ သူ့ကိုအကြံပေးတာကို လျစ်လျူရှုပြီး တန်းဆင်းဇုန်ထဲ ကျရောက်နေတဲ့ ဆန်းတို့စ်အသင်းကို ကူညီပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
နေမာဟာ ဆန်းတို့စ်အသင်းက Sport အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အသင်းရဲ့ ပွဲထွက်လူစာရင်းထဲ ပါဝင်ခဲ့ပြီး ၁ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

နေမာကို တွေ့ရစဉ်
ဒါ့ပြင် နေမာဟာ ဂိုးဖန်တီးမှု ၁ ကြိမ်ပါ ပြုလုပ်ပြီး ဆန်းတို့စ်အသင်းကို အဖိုးတန် နိုင်ပွဲရယူပေးနိုင်ခဲ့ပါတယ်။
နေမာဟာ ဆန်းတို့စ်အသင်းက ဂျူဗင်တူဒီအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ နောက်ထပ် ဘရာဇီးလ် ထိပ်တန်း လိဂ် ပွဲစဉ်မှာလည်း အသင်းရဲ့ ပွဲထွက်လူစာရင်းထဲ ပါဝင်ခဲ့ပြီး ဒီပွဲမှာတော့ နေမာဟာ အသင်းရရှိတဲ့ ၃ ဂိုးစလုံးကို ဟက်ထရစ်အဖြစ် သွင်းယူခဲ့တာပါ။
ဒီဟက်ထရစ်ဟာ နေမာအတွက် ၂၀၂၂ ခုနှစ်က PSG အသင်းမှာ ကစားခဲ့ချိန်က နောက်ဆုံးအကြိမ် သွင်းယူ ပြီးနောက် ၃ နှစ်အကြာမှာ ပထမဆုံး ပြန်လည်သွင်းယူနိုင်တဲ့ ဟက်ထရစ်လည်း ဖြစ်ခဲ့ပါတယ်။
နေမာဟာ ဒဏ်ရာကြောင့် နာကျင်မှုတွေ ရှိနေပေမယ့် ဆန်းတို့စ်အသင်း တန်းမဆင်းရအောင် အကောင်းဆုံး ပေးဆပ်နေတာပါ။
ဆန်းတို့စ်အသင်းဟာ ၂ ပွဲဆက် အနိုင်ရခဲ့တာကြောင့် တန်းဆင်းဇုန်အပြင်ကို ထွက်နိုင်ခဲ့ပြီး ဘရာဇီးလ် စီးရီးအေ အမှတ်ပေးဇယား အဆင့် ၁၄ နေရာမှာ ရပ်တည်နေပါတယ်။
ဆန်းတို့စ်အသင်းဟာ တန်းဆင်းဇုန်အထက် အဆင့် ၁၇ နေရာက ဗစ်တိုးရီးယားအသင်းနဲ့ ၂ မှတ်သာ ကွာဟတာ ကြောင့် နောက်ဆုံးပွဲစဉ်မှာ ရလဒ်ကောင်း ရယူနိုင်ဖို့ လိုအပ်နေသေးတာပါ။
ဆန်းတို့စ်အသင်းဟာ နောက်ဆုံးပွဲစဉ်အဖြစ် အမှတ်ပေးဇယားအဆင့် ၃ နေရာမှာ ရပ်တည်နေတဲ့ ခရူဇီယိုအသင်း နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

နေမာကို တွေ့ရစဉ်
နေမာကတော့ နောက်ဆုံး ပွဲစဉ်မှာလည်း ဆန်းတို့စ်အသင်းကို ရလဒ်ကောင်း ရယူပေးပြီး လာမယ့်ရာသီ ဘရာဇီးလ် ထိပ်တန်းလိဂ်မှာ ဆက်ပြီးရှိနေနိုင်အောင် လုပ်ဆောင်ပေးဖို့ ဆုံးဖြတ်ထားပါတယ်။
နေမာဟာ ဆန်းတို့စ်အသင်းကို ဘရာဇီးလ် ထိပ်တန်းလိဂ်မှာ ဆက်ပြီးရှိအောင် ကူညီပေးပြီးရင် ၂၀၂၆ ကမ္ဘာ့ဖလား ပြိုင်ပွဲမှာ ဘရာဇီးလ်အသင်း လူစာရင်းထဲ ပါဝင်နိုင်ဖို့ ပစ်မှတ်ထားနေတာပါ။
နေမာဟာ ဒဏ်ရာနှိပ်စက်မှုတွေကြောင့် ဘရာဇီးလ်အသင်း လူစာရင်းနဲ့ ၂ နှစ်ကျော်ကြာ ဝေးကွာနေတာ ဖြစ်ပါတယ်။
ဘရာဇီးလ်အသင်းနည်းပြ အန်ဆယ်လော့တီက နေမာဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို လိုက်ပါနိုင်တဲ့ ကစားသမား စာရင်းထဲမှာ ပါဝင်နေပြီး သူ့အနေနဲ့ အပြီးသတ် လူစာရင်းထဲ ပါဝင်နိုင်ဖို့ ၆ လအချိန်ရှိတယ်လို့ ပြောထားတာပါ။
နေမာကတော့ အခုအချိန်မှာ ဆန်းတို့စ်အသင်းကို တန်းမဆင်းရအောင် ကူညီပေးဖို့ အာရုံစိုက်နေပြီး သူ့ရဲ့ငယ် ဘဝကလပ်ကို ဘရာဇီးလ်စီးရီးအေမှာ ဆက်ပြီး ရှိနေနိုင်အောင် လုပ်ဆောင်ပေးနိုင်မလားဆိုတာ စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။
