CNI Sport News

၂၀၂၅  ခုနှစ်၊ နိုဝင်ဘာ ၂၆

အင်တာနေစီယွန်နယ်လ်အသင်းနဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ ဘရာဇီးလ်စီးရီးအေပွဲစဉ်မှာ မပါဝင်နိုင်တဲ့ တိုက်စစ်မှူး နေမာကို လာမယ့် Sport အသင်းနဲ့ပွဲစဉ်မှာ ပါဝင်နိုင်ဖို့ ဆန်းတို့စ်အသင်းနည်းပြ ဟွမ်ပါဘလိုက မျှော်လင့်နေပါ တယ်။ 

ဟွမ်ပါဘလိုက “အစီအစဉ်ကတော့ Sport နဲ့ပွဲမှာ သူပါဝင်ဖို့ပါ။ ကျနော် နေမာနဲ့ စကားပြောမှာဖြစ်ပြီး သူ့ရဲ့ ဆုံးဖြတ်ချက်တွေကိုလည်း လေးစားမှာပါ။ သူ့ရဲ့ ကတိကဝတ်ကတော့ အဲ့ဒီမှာရှိနေဖို့ဖြစ်ပြီး သူဟာ အမြဲတမ်း အဲ့ဒီမှာ ရှိနေချင်ပါတယ်။ သူဟာ ကျနော်တို့ ကစားရမယ့် ၃ ပွဲစလုံးအတွက် လိုအပ်တဲ့ ကစားသမားဖြစ်ပြီး ကျနော်တို့ကို ကူညီပေးပါလိမ့်မယ်။ သူက ကွင်းထဲမှာ ကျနော်တို့ရဲ့ ခေါင်းဆောင်ဖြစ်ပြီး အဲ့ဒီနေရာမှာ သူရှိနေမှာ ပါ”လို့ ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ဒဏ်ရာတွေနဲ့ ရုန်းကန်ခဲ့ရတဲ့ နေမာဟာ ဆန်းတို့စ်အသင်းထံ ဒုတိယအကြိမ်မြောက် ရောက်ရှိလာချိန်မှာလည်း ဒဏ်ရာ ဆုတ်ယုတ်မှုတွေ ခံစားနေရတာပါ။ 

မကြာသေးမီကမှ တံကောက်ကြော ဒဏ်ရာကနေ ပြန်ကောင်းမွန်လာတဲ့ နေမာဟာ ဆန်းတို့စ်အသင်း နောက်ဆုံး ကစားခဲ့တဲ့ ၃ ပွဲစလုံး ပွဲထွက်လူစာရင်း ပါဝင်ခဲ့ပေမယ့် အင်တာနေစီယွန်နယ်လ်အသင်းနဲ့ပွဲကို မပါဝင်နိုင်ခဲ့ပါဘူး။ 

နေမာကို တွေ့ရစဉ်

ဆန်းတို့စ်အသင်းနည်းပြက နေမာဟာ တစ်ပတ်လုံး ဒူးနာကျင်မှုကို ခံစားနေရပေမယ့် အသင်းရဲ့လာမယ့်ပွဲကို ပါဝင်နိုင်ဖို့ မျှော်လင့်နေပါတယ်။ 

ဆန်းတို့စ်အသင်းဟာ အင်တာနေစီယွန်နယ်လ်အသင်းနဲ့ သရေကျခဲ့ပြီးနောက် ဘရာဇီးလ်စီးရီးအေပြိုင်ပွဲမှာ တန်းဆင်းဇုန်အဆင့် ၁၇ နေရာ ရပ်တည်နေပြီး အဆင့် ၁၆ နေရာက ဗစ်တိုးရီးယားအသင်းနဲ့ ၁ မှတ်သာ ကွာဟပါတယ်။ 

ဆန်းတို့စ်အသင်းအနေနဲ့ တန်းဆင်းဇုန်ကနေ လွတ်မြောက်ချင်ရင် လက်ကျန်ပွဲစဉ် ၃ ပွဲစလုံး ရလဒ်ကောင်း ရယူနိုင်ဖို့ လိုအပ်နေတာပါ။ 

ဒီနှစ်ကုန်ရင် ဆန်းတို့စ်အသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် နေမာဟာ အသင်းအတွက် ၂၅ ပွဲ ကစားထားပြီး ၇ ဂိုး သွင်းယူကာ ၃ ဂိုး ဖန်တီးထားတာဖြစ်ပါတယ်။ 

Source: Goal