CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၂၆
မန်စီးတီးအသင်းဟာ လေဗာကူဆင်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ကစားသမား ၁၀ ဦးအထိ အပြောင်းအလဲ ပြုလုပ်ခဲ့တာကြောင့် ဒီရှုံးနိမ့်မှုအတွက် သူအပြည့်အဝ တာဝန်ယူတယ်လို့ နည်းပြ ဂွာဒီယိုလာက ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “အပြောင်းအလဲတွေ များသွားခဲ့ပါတယ်။ ဒီရလဒ်ကို ကျနော် တာဝန်ယူပေမယ့် ကျနော်ဟာ လူတိုင်းကို ပါဝင်စေချင်တာကြောင့် သူတို့ကို မြင်တွေ့ခဲ့ရပါတယ်။ ဘောလုံးသမားတစ်ဦးဟာ ၅ ပွဲ၊ ၆ ပွဲ၊ ၇ ပွဲ မကစားရဘူးဆိုရင် သူတို့အတွက် ခက်ခဲပါတယ်။ ဒါက အလုပ် မဖြစ်ခဲ့ဘူးဆိုတာ ကျနော်တို့ လက်ခံရပါမယ်။ ဒီလိုမျိုးက ကျနော့်ဘဝမှာ ပထမဆုံးအကြိမ် ပြုလုပ်ခဲ့ဖူးတာပါ”လို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ ဒီပွဲစဉ်မှာ ပြီးခဲ့တဲ့ နယူးကာဆယ်အသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်က ပွဲထွက် လူစာရင်းကို ၁၀ ဦးအထိ အပြောင်းအလဲ ပြုလုပ်ပြီး အသုံးပြုခဲ့တာ ဖြစ်ပါတယ်။
နည်းပြဂွာဒီယိုလာဟာ ဒုတိယပိုင်းမှာ ဟာလန်း၊ ဒိုကူ၊ ဖိုဒန်နဲ့ ချာကီတို့ကို လူစားလဲ ထည့်သွင်းခဲ့ပေမယ့် အရေး နိမ့်ခဲ့တာပါ။

မန်စီးတီးအသင်းကို တွေ့ရစဉ်
ဒီရှုံးပွဲဟာ မန်စီးတီးအသင်းအတွက် ၂၀၁၈ နောက်ပိုင်း ချန်ပီယံလိဂ် အုပ်စုအဆင့် အိမ်ကွင်းပွဲစဉ်မှာ ပထမဆုံး ရှုံးပွဲကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ် League Phase ပွဲစဉ် ၅ ပွဲ ကစားအပြီးမှာ ရမှတ် ၁၀ မှတ်နဲ့ အဆင့် ၆ နေရာမှာ ရပ်တည်နေတာပါ။
မန်စီးတီးအသင်းအနေနဲ့ ထိပ်ဆုံး ၈ သင်းထဲ ဝင်ရောက်ပြီး ၁၆ သင်းအဆင့်ကို တိုက်ရိုက် တက်ချင်တယ်ဆိုရင် လက်ကျန် ၃ ပွဲမှာ ရလဒ်ကောင်းရရှိဖို့ လိုနေပါတယ်။
မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ် League Phase လက်ကျန် ၃ ပွဲအဖြစ် ရီးရယ်လ်၊ ဘိုဒိုဂီလင့်မ်၊ ဂါလာတာ စာရေးအသင်းတို့နဲ့ ယှဉ်ပြိုင်ရမှာပါ။
မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက အခုအချိန်မှာ အများကြီး မပြောပဲ ခေါင်းအေးအေးထားပြီး လာမယ့်ပွဲကို သွားရမယ်လို့ ပြောခဲ့ပါတယ်။
ပရီးမီးယားလိဂ် အဆင့် ၃ နေရာမှာ ရပ်တည်နေတဲ့ မန်စီးတီးအသင်းဟာ လာမယ့် လိဂ်ပွဲစဉ်အဖြစ် လိဒ်စ်အသင်း နဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: Dailymail
