CNI Sport News

၂၀၂၆ ခုနှစ်၊ မတ်လ ၁၂

မန်စီးတီးအသင်းဟာ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပထမအကျော့ပွဲမှာ ရီးရယ်လ်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ပြီးနောက် အသင်းဟာကွာတားဖိုင်နယ်တက်ဖို့အခွင့်အရေးနည်းသွားပြီလို့ နည်းပြဂွာဒီယိုလာက ပြောခဲ့ပါတယ်။ 

ဂွာဒီယိုလာက “အခုအချိန်မှာတော့ အခွင့်အရေးသိပ်ပြီးမရှိတော့ပါဘူး။ ဒါပေမယ့် ကျနော်တို့ကြိုးစားသွားမှာပါ။ အခုအချိန်မှာ ကျနော်တို့ရဲ့အတွေးအခေါ်နဲ့အရာအားလုံးက ပိုခက်ခဲသွားပေမယ့် ကျနော်တို့ဟာ ဒီနေရာမှာ ရှိနေမှာပါ။ ကျနော်တို့ဟာ အဆုံးသတ်ပိုင်းပိုပြီးကောင်းမွန်အောင် ပိုလုပ်ဆောင်ကာ ကြိုးစားသွားမှာပါ”လို့ ကွာတားဖိုင်နယ်တက်နိုင်မယ့်အလားအလာအပေါ် ပြောခဲ့တာပါ။ 

မန်စီးတီးအသင်းဟာ ဒီပွဲရဲ့ပထမပိုင်းမှာတင် ရီးရယ်လ်အသင်းကို ၃ ဂိုးစလုံးခွင့်ပြုခဲ့ရတာဖြစ်ပြီး ဗယ်လ်ဗာဒီက ဟက်ထရစ်သွင်းယူခဲ့တာဖြစ်ပါတယ်။ 

မန်စီးတီးအသင်းနှင့် ရီးရယ်လ်အသင်းတို့ ယှဉ်ပြိုင်နေစဉ်

ဒုတိယပိုင်းမှာ ဗီနီစီးယက်စ်ရဲ့ပယ်နယ်တီကို ဂိုးသမားဒွန်နာရမ်မာကာကွယ်နိုင်ခဲ့လို့သာ မန်စီးတီးအသင်းဟာ ရီးရယ်လ်အသင်းကို နောက်ထပ်သွင်းဂိုး ခွင့်မပြုခဲ့ရတာပါ။ 

မန်စီးတီးအသင်းတောင်ပံကစားသမားဒိုကူက “ရီးရယ်လ်အသင်းဟာ ၃ ဂိုးသွင်းယူပြီးချိန်မှာ ခံစစ်ကစားခဲ့တာကြောင့် သူတို့အတွက် ပြန်လာဖို့ခက်ခဲခဲ့သလို သူတို့သာရခဲ့တဲ့ အခွင့်အရေးတွေကို သွင်းနိုင်ခဲ့ရင် ပွဲကတစ်မျိုးပြောင်းလဲသွားမယ်”လို့ ခံစားရကြောင်း ပြောခဲ့ပါတယ်။ 

ဒါ့အပြင်ဒိုကူက ဒုတိယအကျော့ပွဲအတွက် သူတို့ဟာ ပရိသတ်တွေရဲ့အကူအညီလိုအပ်သလို ရီးရယ်လ်အသင်း ၃ ဂိုးသွင်းနိုင်ရင် သူတို့လည်း သွင်းနိုင်အောင်လုပ်ရမယ်လို့ ပြောခဲ့တာပါ။ 

မန်စီးတီးအသင်းဟာ ရီးရယ်လ်အသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ဒုတိယအကျော့ပွဲစဉ်မတိုင်မီ ဝက်စ်ဟမ်းအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။