CNI Sport News
၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂
ရီးရယ်လ်အသင်းက မန်စီးတီးအသင်းကို ၃ ဂိုး-၂ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပလေးအော့ဖ် ပထမအကျော့ပွဲစဉ် မှာ မန်စီးတီးအသင်း ပရိသတ်တွေရဲ့ ရိုဒရီ Ballon d'Or စာတန်းက သူ့ကိုပိုပြီး ခွန်အားပေးခဲ့တယ်လို့ ဗီနီစီးယက်စ်က ပြောခဲ့ပါတယ်။
ဗီနီစီးယက်စ်က “ကျနော် ဒီစာတန်းကို မြင်တွေ့ခဲ့ပါတယ်။ ပြိုင်ဘက်ပရိသတ်တွေရဲ့ ဒီလိုမျိုး လုပ်ဆောင်မှုက ပွဲကောင်းတစ်ပွဲကစားဖို့ ကျနော့်ကို အမြဲတမ်း ခွန်အားတွေပေးပါတယ်။ ကျနော်လုပ်လည်း လုပ်နိုင်ခဲ့ပါတယ်။ မန်စီးတီးက ကျနော်တို့ရဲ့ သမိုင်းကြောင်းနဲ့ ဒီပြိုင်ပွဲမှာ ကျနော်တို့လုပ်ခဲ့တဲ့ အရာအားလုံးကို သိပါတယ်”လို့ Movistar ကိုပြောခဲ့တာပါ။
မန်စီးတီးအသင်း ပရိသတ်တွေဟာ ပလေးအော့ဖ် ပထမအကျော့ပွဲစဉ် မတိုင်ခင်မှာ ရိုဒရီ Ballon d'Or ဆုကို နမ်းနေတဲ့ပုံနဲ့အတူ "Stop Crying Your Heart Out” ဆိုတဲ့ စာသားရေးထားတဲ့ စာတန်းအကြီးကို ပြသခဲ့တာ ဖြစ်ပါတယ်။
ဗီနီစီးယက်စ်ဟာ မန်စီးတီးအသင်း ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရပေမယ့် ဒီပွဲမှာ အကောင်းဆုံး ကစားသမားဆုရတဲ့အထိ ခြေစွမ်းပြသပြီး ပြန်တုန့်ပြန်နိုင်ခဲ့တာပါ။
မန်စီးတီး ပရိသတ်တွေရဲ့ ဗီနိုင်းကို တွေ့ရစဉ်
ဘရာဇီးလ်ကစားသမားဟာ မိနစ် ၉၀ ပြည့်ပြီး နာကျင်အချိန်ပို ၂ မိနစ်မှာ သွင်းယူခဲ့တဲ့ ဘယ်လင်ဂမ်ရဲ့ သွင်းဂိုးကို လှလှပပ ဖန်တီးပေးနိုင်ခဲ့ပါတယ်။
ဒီပွဲမှာ မန်စီးတီးအသင်းအတွက် သွင်းဂိုး ၂ ဂိုးစလုံးကို ဟာလန်းက သွင်းယူခဲ့ပြီး ရီးရယ်လ်အသင်းအတွက် သွင်းဂိုး တွေကို ဘတ်ပီ၊ ဘရာဟင်ဒီယက်ဇ်နဲ့ ဘယ်လင်ဂမ်တို့က သွင်းယူခဲ့တာပါ။
ရီးရယ်လ်အသင်းဟာ မန်စီးတီးအသင်းကို သူတို့ရဲ့အိမ်ကွင်းမှာ အနိုင်ရခဲ့တာကြောင့် ဘာနေဗျူးမှာ ကစားမယ့် ဒုတိယအကျော့ ပွဲစဉ်အတွက် အားသာမှု ရရှိသွားခဲ့ပါတယ်။
မန်စီးတီးအသင်းကတော့ ဒုတိယအကျော့ပွဲစဉ်မှာ နိုင်ပွဲရယူနိုင်ဖို့ ရုန်းကန်ရတော့မှာပါ။
ရီးရယ်လ်နဲ့ မန်စီးတီးအသင်းတို့ရဲ့ ချန်ပီယံလိဂ် ပလေးအော့ဖ် ဒုတိယအကျော့ပွဲစဉ်ကို ဖေဖော်ဝါရီ ၂၀ ရက်မှာ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
Source: ESPN