CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၃
ရီးရယ်လ်အသင်းဟာ အိမ်ကွင်းမှာ ဂီတာဖေးအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ကာ ထိပ်ဆုံးနေရာက ဘာစီလိုနာ အသင်းနဲ့ ၄ မှတ် ကွာဟသွားခဲ့ပေမယ့် လာလီဂါ ချန်ပီယံဆုအတွက် ပြိုင်ပွဲမပြီးဆုံးသေးဘူးလို့ နည်းပြ အာဘီလိုအာက ပြောခဲ့ပါတယ်။
အာဘီလိုအာက “ချန်ပီယံဆု မျှော်လင့်ချက် အဆုံးမသတ်သေးပါဘူး။ ရမှတ် ၃၆ မှတ် ကျန်သေးတာကြောင့် ကျနော်တို့ ဒီအတွက် တိုက်ပွဲဝင်သွားရမှာပါ။ ဘယ်သူကမှ အရှုံးပေးမှာ မဟုတ်ပါဘူး၊ ဒါက ရီးရယ်လ်မက်ဒရစ်ပါ။ ဒီပွဲမှာ ကျနော်တို့ဟာ အခွင့်အရေးတွေ အများကြီးရခဲ့ပေမယ့် ဂီတာဖေးအသင်းက သူတို့လုပ်နိုင်တဲ့အရာကို လုပ် သွားခဲ့ပါတယ်”လို့ ပြောခဲ့တာပါ။
ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ လာလီဂါပွဲမှာ အိုဆာဆူနာအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တာကြောင့် လိဂ် ပြိုင်ပွဲမှာ ၂ ပွဲဆက် ရှုံးပွဲ ကြုံတွေ့ခဲ့တာဖြစ်ပြီး ဒါဟာ ၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ခဲ့ပါတယ်။
ဂီတာဖေးအသင်းကတော့ ၁၈ နှစ်အကြာမှ ပထမဆုံးအကြိမ် ဘာနေဗျူးမှာ နိုင်ပွဲရယူနိုင်ခဲ့တာပါ။

ရီးရယ်လ်အသင်း ယှဉ်ပြိုင်နေစဉ်
ရီးရယ်လ်အသင်းဟာ လက်ရှိအချိန်မှာ အဓိက ကစားသမားတွေဖြစ်တဲ့ ဘတ်ပီနဲ့ဘယ်လင်ဂမ်တို့ကို ဒဏ်ရာတွေ ကြောင့် အနားပေးထားရပါတယ်။
ရီးရယ်လ်အသင်းဟာ မန်စီးတီးအသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ပွဲစဉ်မတိုင်မီ ဆယ်လ်တာဗီဂိုအသင်းနဲ့ လာလီဂါပွဲစဉ် ယှဉ်ပြိုင်ရမှာပါ။
ရီးရယ်လ်အသင်းနည်းပြ အာဘီလိုအာက ဒီလိုရှုံးနိမ့်မှုတွေအပြီး ဝေဖန်မှုတွေကို သူနားလည်သလို အသင်းရဲ့ ကစားပုံကို တိုးတက်အောင် လုပ်ရမယ်လို့ ပြောခဲ့ပါတယ်။
ဒီပွဲရဲ့မိနစ် ၉၀ ပြည့်ပြီး ထပ်ဆောင်း အချိန်ပိုမှာ ရီးရယ်လ်အသင်း ကြယ်ပွင့် မာစတန်တူအိုနိုဟာ ကွင်းလယ် ဒိုင်လူကြီးကို ရိုင်းစိုင်းတဲ့ စကားလုံးတွေ ပြောခဲ့တာကြောင့် တိုက်ရိုက် အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။
ရီးရယ်လ်အသင်းဟာ နည်းပြ အာဘီလိုအာ လက်ထက် ၁၂ ပွဲ ကစားထားတာမှာ ၈ ပွဲနိုင်ပြီး ၄ ပွဲရှုံးနိမ့်ကာ ကိုပါဒယ်ရေးဖလားပြိုင်ပွဲကနေ ထွက်ခွာထားရပါတယ်။
Source: ESPN
