CNI Sport News
၂၀၂၆ ခုနှစ်၊ မတ်လ ၃
အီရန်အမျိုးသမီးအသင်းဟာ တောင်ကိုရီးယားအသင်းနဲ့ ကစားခဲ့တဲ့ ၂၀၂၆ AFC အမျိုးသမီး အာရှဖလားပြိုင်ပွဲ အုပ်စု အဖွင့်ပွဲစဉ်မတိုင်မီ သူတို့ရဲ့ နိုင်ငံတော်သီချင်းကို သီဆိုဖို့ ငြင်းဆန်ခဲ့ပါတယ်။
တောင်ကိုရီးယားအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ဒီပွဲမတိုင်မီ အီရန်အသင်းဟာ နိုင်ငံတော်သီချင်း မသီဆို ဘဲ တိတ်ဆိတ်နေတဲ့ မြင်ကွင်းတွေ ထွက်ပေါ်လာခဲ့တာပါ။
ကစားသမားတွေ တိတ်ဆိတ်နေချိန် အီရန်အသင်းနည်းပြ ဂျာဖာရီရဲ့ မျက်နှာပေါ်မှာ ပြုံးရွှင်နေတာကို ဆိုရှယ် မီဒီယာပေါ် ထွက်ပေါ်လာတဲ့ ရုပ်သံမှာ မြင်တွေ့ခဲ့ရပါတယ်။
အီရန်နိုင်ငံဟာ အမေရိကန်နဲ့ အစ္စရေးတို့ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ခံခဲ့ရပြီး နိုင်ငံရဲ့ အမြင့်ဆုံး ခေါင်းဆောင် အလီခါမေနီ သေဆုံးသွားခဲ့တာပါ။
နိုင်ငံအတွင်း မတည်ငြိမ်မှုတွေ ဖြစ်နေပေမယ့် အီရန်အမျိုးသမီးအသင်းဟာ အာရှဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။
အီရန်အသင်းဟာ အုပ်စုဒုတိယပွဲအဖြစ် အိမ်ရှင် သြစတြေးလျအသင်းနဲ့ ယှဉ်ပြိုင်ရမှာပါ။

အီရန်အမျိုးသမီးအသင်းကို တွေ့ရစဉ်
သြစတြေးလျအသင်း ခေါင်းဆောင် ဆမ်ခါးက “ကမ္ဘာတစ်ဝှမ်းမှာ ဖြစ်ပျက်နေတာက တကယ်ကို ခက်ခဲတယ် ဆိုတာ ထင်ရှားပါတယ်။ ဒါပေမယ့် သူတို့ဟာ ငယ်ရွယ်တဲ့ မိန်းကလေးတွေနဲ့ ငယ်ရွယ်တဲ့ ဘောလုံးသမားတွေပါ။ အသင်းဟာ အခြားပွဲတွေလိုပဲ သူတို့ကို ကစားသွားမှာဖြစ်ပြီး အမြင့်ဆုံး လေးစားမှုပြသကာ အကောင်းဆုံး ပြင်ဆင်သွားမယ်”လို့ အီရန်အသင်းနဲ့ပွဲအတွက် မှတ်ချက်ပေးခဲ့ပါတယ်။
အီရန်အသင်းဟာ ၂၀၂၆ AFC အမျိုးသမီး အာရှဖလားပြိုင်ပွဲအုပ်စု A မှာ သြစတြေးလျ၊ တောင်ကိုရီးယား၊ ဖိလစ်ပိုင်အသင်းတို့နဲ့ ကျရောက်နေတာပါ။
အီရန်အမျိုးသမီးအသင်းဟာ အာရှဖလားကို ဝင်ရောက် ယှဉ်ပြိုင်နေပေမယ့် အမျိုးသားအသင်းကတော့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ မသေချာဘူး ဖြစ်နေပါတယ်။
အီရန်အသင်းရဲ့ ကမ္ဘာ့ဖလား အုပ်စုပွဲတွေကို အမေရိကန်နိုင်ငံမှာ ကျင်းပမှာဖြစ်တဲ့အတွက် ဖီဖာကလည်း ဒီအခြေအနေတွေကို ဖြေရှင်းဖို့ စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။
Source: Dailymail
