CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၀
မက္ကဆီကိုနိုင်ငံမှာ လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့ အီရန်အသင်းဟာ သူတို့ရဲ့ကမ္ဘာ့ဖလားပွဲစဉ် ၃ ပွဲစီမတိုင်မီ တစ်ရက်အလိုမှာ အမေရိကန်နိုင်ငံထံ ဝင်ရောက်နိုင်မှာ ဖြစ်တယ်လို့ အမေရိကန်ပြည်တွင်း လုံခြုံရေးဝန်ကြီးဌာန (DHS) က ပြောခဲ့ပါတယ်။
အီရန်အသင်းဟာ ကမ္ဘာ့ဖလားပွဲတွေ ကစားရမယ့်နေ့မှာပဲ အမေရိကန်နိုင်ငံထံ ဝင်ရောက်ပြီး ပြန်ထွက်ခွာရမယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီး ဒါကြောင့် ထောက်ပံ့ပို့ဆောင်ရေးနဲ့ အီရန်အသင်းရဲ့ စွမ်းဆောင်ရည်ကို ထိခိုက်နိုင်ဖွယ် ရှိ/မရှိ မေးခွန်းတွေ ထွက်ပေါ်နေတာပါ။
ဒါပေမယ့် DHS ရဲ့ ပြောရေးဆိုခွင့်ရှိသူက ဒီဖော်ပြမှုတွေဟာ မှန်ကန်မှုမရှိဘဲ သမ္မတထရမ့်ရဲ့ ရက်ရောမှုကြောင့် အီရန်အသင်းဟာ သူတို့ရဲ့ပွဲတွေမတိုင်မီ တစ်ရက်အလိုမှာ နိုင်ငံထဲ ဝင်ရောက်ခွင့်ရမယ်လို့ ပြောခဲ့ပါတယ်။
အီရန်အသင်းဟာ ဇွန်လ ၁၅ ရက်နဲ့ ၂၁ ရက်မှာ နယူးဇီလန်၊ ဘယ်လ်ဂျီယံအသင်းတို့နဲ့ လော့စ်အိန်ဂျလိစ်မှာ ကစားရမှာဖြစ်ပြီး အုပ်စုနောက်ဆုံးပွဲဖြစ်တဲ့ အီဂျစ်အသင်းနဲ့ပွဲကိုတော့ ဇွန်လ ၂၆ ရက် ဆီတဲလ်မှာ ယှဉ်ပြိုင်ဖို့ ရှိနေတာပါ။

အီရန်အသင်းကို တွေ့ရစဉ်
အီရန်အသင်းဟာ အစောပိုင်းက အရီဇိုးနားမှာ လေ့ကျင့်ဖို့ စီစဉ်ထားပေမယ့် စစ်ရေး အခြေအနေကြောင့် မက္ကဆီကိုမှာ ပြောင်းလဲပြီး လေ့ကျင့်မှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
ဒါ့အပြင် အီရန်အသင်းဟာ သူတို့ရဲ့ ပရိသတ်တွေအတွက် လက်မှတ် ခွဲတမ်းတွေ ဖျက်သိမ်းခံခဲ့ရတယ်လို့ အီရန် ဘောလုံးအဖွဲ့ချုပ်က ပြောခဲ့ပါတယ်။
ဖီဖာရဲ့ စည်းမျဉ်းတွေအရ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်တဲ့ အဖွဲ့ချုပ်တိုင်းဟာ သူတို့ရဲ့ပွဲတိုင်းအတွက် လက်မှတ် ခွဲတမ်း ၈ ရာခိုင်နှုန်းစီ ရရှိကြောင်း ဖော်ပြထားတယ်လို့ အီရန်ဘောလုံးအဖွဲ့ချုပ်က ပြောခဲ့တာပါ။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)ကတော့ လက်မှတ် ပြဿနာကို ဖြေရှင်းနိုင်ဖို့ လုပ်ဆောင်နေတယ်လို့ ထုတ်ပြန် ထားပါတယ်။
Source: CNA
