CNI Sport News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၉

ပြင်သစ်ကလပ်လိုင်လီအသင်းဟာ ဝါရင့်တိုက်စစ်မှူးဂီရောဒ့်ကို နောက်ထပ် ၁ နှစ်စာချုပ် သက်တမ်းတိုးကြောင်း ကြေညာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ရာသီမှာ လိုင်လီအသင်းကို ရောက်ရှိလာခဲ့တဲ့ အသက် ၃၉ နှစ်အရွယ်ရှိ ဂီရောဒ့်ဟာ အသင်းအတွက် အရေး ပါတဲ့ သွင်းဂိုးတွေသွင်းယူပြီး လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲယှဉ်ပြိုင်ခွင့်ရရှိအောင် ကူညီပေးနိုင်ခဲ့ပါတယ်။ 

ဂီရောဒ့်ဟာ ပြီးခဲ့တဲ့ရာသီက လိုင်လီအသင်းအတွက် ၄၄ ပွဲကစားခဲ့ပြီး ၁၁ ဂိုးသွင်းယူနိုင်ခဲ့တာပါ။ 

လိုင်လီအသင်းဟာ ဘရာဇီးလ်အသင်းနည်းပြအန်ဆယ်လော့တီရဲ့သားဖြစ်သူ ဒါဗီဒီအန်ဆယ်လော့တီကို နည်းပြ သစ်အဖြစ် ခန့်အပ်ထားတာကြောင့် ဂီရောဒ့်ဟာ ရာသီသစ်မှာ နည်းပြသစ်နဲ့ လက်တွဲအလုပ်လုပ်ရမှာ ဖြစ်ပါတယ်။ 

ဂီရောဒ့်က “နည်းပြသစ်ကို ကျနော်သေချာမသိပေမယ့် သူဟာ ငယ်ရွယ်တဲ့ နည်းပြဆိုတဲ့ အချက်က အလွန် ကောင်းပါတယ်။ သူ့မှာ ကလပ်အသင်းအတွက် ပေးစရာတွေအများကြီးရှိတယ်ဆိုတာ ကျနော်ယုံကြည်ပြီး သူနဲ့ လက်တွဲအလုပ်လုပ်ဖို့ ကျနော်မျှော်လင့်နေပါတယ်”လို့ ပြောခဲ့တာပါ။ 

ဒါ့အပြင် ဂီရောဒ့်က သူဟာ အမြဲတမ်း ပိုပြီးလိုချင်တဲ့သူဖြစ်တဲ့အတွက် ရာသီသစ်မှာလည်း ပိုကောင်းအောင်လုပ်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ ပြောခဲ့ပါတယ်။ 

ပြင်သစ်အသင်းနဲ့ ၂၀၁၈ ကမ္ဘာ့ဖလားချန်ပီယံဆုရယူနိုင်ခဲ့တဲ့ ဂီရောဒ့် ဟာ နိုင်ငံအသင်းအတွက် ၁၃၇ ပွဲ ကစားခဲ့ပြီး ၅၇ ဂိုးသွင်းယူကာ ဂိုးသွင်းအများဆုံးကစားသမား အဖြစ်ရပ်တည် နေတာပါ။ 

ဒါပေမယ့် ပြင်သစ်အတွက် ၅၆ ဂိုးသွင်းယူထားတဲ့ တိုက်စစ်မှူးဘတ်ပီကြောင့် ဂီရောဒ့်ရဲ့ စံချိန်ဟာ မကြာမီ ချိုးဖျက်ခံရဖွယ်ရှိနေတာ ဖြစ်ပါတယ်။ 

Source: Besoccer