CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၄

အီတလီကွင်းလယ်လူ ဗာရတ်တီဟာ ပီအက်စ်ဂျီအသင်းကနေ ယူရို ၄၅ သန်းနဲ့ ၃ နှစ်စာချုပ်ချုပ်ကာ ကာတာ ကလပ် အယ်လ်အာရာဘီအသင်းထံ ပြောင်းရွှေ့သွားခဲ့ပြီဖြစ်ပါတယ်။ 

ဗာရတ်တီဟာ အခုအပတ်ထဲမှာ အက်စတွန်ဗီလာကစားသမား ကော်တင်ဟိုပြီးနောက် ကာတာလိဂ်ကို ရောက်ရှိ လာတဲ့ ဒုတိယမြောက်ဥရောပရဲ့ ပုံရိပ်မြှင့်ကစားသမားဖြစ်လာခဲ့တာပါ။ ၂၀၁၂ ခုနှစ်က ပတ်စ်ကာရာအသင်းက နေ ပီအက်စ်ဂျီအသင်းထံ ရောက်ရှိလာခဲ့တဲ့ ဗာရတ်တီဟာ ပြင်သစ်ကလပ်နဲ့အတူ လီဂူးဝမ်းဆုဖလား ၉ ကြိမ် အပါအဝင် ပြည်တွင်းဆုဖလား အောင်မြင်မှု အများအပြားရယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ဗာရတ်တီဟာ ဒီရာသီ ပီအက်စ်ဂျီအသင်းရဲ့ အစီအစဉ်မှာမပါဝင်တော့တာကြောင့် ထွက်ခွာခဲ့ရတာပါ။

ဗာရတ်တီက “ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ပီအက်စ်ဂျီရဲ့အရောင်တွေကို ဝတ်ဆင်ခွင့်ရခဲ့တာကို ကျနော် အလွန်ဂုဏ်ယူမိပါတယ်။ ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတွေနဲ့အတူ ဆုဖလားပေါင်း ၃၀ ရရှိခဲ့ပါတယ်။ ပီအက်စ်ဂျီနဲ့ အသင်းရဲ့ပရိသတ်တွေဟာ ကျနော့်နှလုံးသားရဲ့တစ်နေရာမှာ အမြဲတမ်းရှိနေမှာပါ။ ကျနော်က ထာဝရ ပီအက်စ်ဂျီအသင်းပရိသတ်ဖြစ်နေမှာပါ” လို့ ပြင်သစ်ကလပ်ရဲ့ ဝက်ဘ်ဆိုက်ကို ပြောခဲ့တာဖြစ်ပါတယ်။

ဗာရတ်တီကို ခေါ်ယူဖို့ ဆော်ဒီကလပ်အသင်းတွေက ချိတ်ဆက်မှုတွေပြုလုပ်ခဲ့ပေမယ့် အပြောင်းအရွှေ့ပိတ်တဲ့ စက်တင်ဘာ ၇ ရက်အထိ ဘယ်အသင်းကမှ ခေါ်ယူခဲ့ခြင်းမရှိတာကြောင့် ကာတာကလပ် အယ်လ်အာရာဘီ အသင်းထံ ပြောင်းရွှေ့ခဲ့တာပါ။ ဗာရတ်တီဟာ အယ်လ်အာရာဘီအသင်းမှာ ပီအက်စ်ဂျီအသင်းဖော်ဟောင်း ရာဖင်ဟာနဲ့ အတူတွဲပြီး ပြန်ကစားရတော့မှာ ဖြစ်ပါတယ်။ သူတို့နှစ်ဦးဟာ ပီအက်စ်ဂျီအသင်းမှာ ၂၀၂၀ ကနေ ၂၀၂၂ ခုနှစ်အထိ အသင်းဖော်တွေအဖြစ် ရှိခဲ့ကြတာပါ။

အယ်လ်အာရာဘီအသင်းဟာ အခုနှစ်ဘောလုံးရာသီ ကာတာလိဂ်ပွဲစဉ် ၃ ပွဲကစားအပြီးမှာ ၃ ပွဲစလုံးသရေရလဒ်နဲ့ အမှတ်ပေးဇယား အဆင့် ၆ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။

Source:BBC