CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၄

လီဗာပူးလ်အသင်းနည်းပြ ကလောပ့်ဟာ လစ်လပ်နေတဲ့ ဂျာမနီအသင်းနည်းပြရာထူးကို ကိုင်တွယ်သွားမှာ မဟုတ်ဘူးလို့ အေးဂျင့်ဖြစ်သူ မာခ့်ကိုဆစ်က ပြောလိုက်ပါတယ်။

မာခ့်ကိုဆစ်က “ကလောပ့်ဟာ လီဗာပူးလ်အသင်းနဲ့ ကာလရှည်စာချုပ်ရှိနေတဲ့အတွက် နိုင်ငံအသင်းရဲ့ နည်းပြ ရာထူးကို ကိုင်တွယ်သွားမှာမဟုတ်ပါဘူး” လို့ ပြောခဲ့တာပါ။

ဂျာမနီအသင်းဟာ ၁၆ လကြာကိုင်တွယ်ခဲ့တဲ့ နည်းပြ ဟန်ဆီဖလစ်ကို ရာထူးကနေ ထုတ်ပယ်ပြီးနောက် နည်းပြသစ်တစ်ဦးကို ရှာဖွေမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။ ဂျာမနီဘောလုံးအဖွဲ့ချုပ်ရဲ့ ဒါရိုက်တာ ရူဒီဖောင်လာ က ကလောပ့်ကို နည်းပြလောင်းတစ်ဦးအဖြစ် သတ်မှတ်ထားတာဖြစ်ပေမယ့် အေးဂျင့်ဖြစ်သူရဲ့ ပြောဆိုမှုကြောင့် မျှော်လင့်ချက်တွေ ပျက်ပြယ်သွားနိုင်တာပါ။

လီဗာပူးလ်အသင်းနည်းပြ ကလောပ့်ဟာ ဂျာမနီလက်ရွေးစင်အသင်းကို အနာဂတ်မှာ ကိုင်တွယ်နိုင်ဖို့ မျှော်လင့်ထားပြီး လက်ရှိအချိန်မှာ အန်ဖီးလ်ကလပ်အသင်းနဲ့အတူ အောင်မြင်မှုတွေပြန်လည်ရယူနိုင်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ ကလောပ့်နဲ့ လီဗာပူးလ်အသင်းတို့ ချုပ်ဆိုထားတဲ့စာချုပ်ဟာ ၂၀၂၆ ခုနှစ်အထိ သက်တမ်းရှိနေသေးတာပါ။ အဲဒါကြောင့် ဂျာမနီအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းနည်းပြဟောင်း နာဂျယ်လ် စမန်းကို နည်းပြသစ်အဖြစ် ခန့်အပ်နိုင်ဖို့ ပစ်မှတ်ထားနေတာဖြစ်ပါတယ်။

နာဂျယ်လ်စမန်းဟာ ပြီးခဲ့တဲ့မတ်လက ဘိုင်ယန်မြူးနစ်အသင်းနည်းပြရာထူးကနေ ထုတ်ပယ်ခံထားရတာပါ။ ဒါပေမယ့် ဂျာမနီအသင်းဟာ လက်ရှိအချိန်မှာ နည်းပြသစ် မခန့်အပ်ရခင်အချိန်ထိ ရူဒီဖောင်လာက ယာယီနည်းပြ အဖြစ်တာဝန်ပေးထားတာဖြစ်ပါတယ်။ ရလဒ်တွေဆိုးနေတဲ့ ဂျာမနီအသင်းဟာ ရူဒီဖောင်လာ ကိုင်တွယ်ခဲ့တဲ့ ပထမဆုံးပွဲစဉ်မှာ ပြင်သစ်အသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အနိုင်ယူကာ နိုင်ပွဲပြန်လည်ရှာဖွေနိုင်ခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ စက်တင်ဘာ ၁၆ ရက်မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝုလ်ဗ်စ်အသင်းနဲ့ ယှဉ်ပြိုင်မှာဖြစ်ပြီး ကလောပ့်ဟာ ဒီပွဲအတွက်အသင်းကို ပြင်ဆင်မှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

Source:Goal