CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၃

မန်စီးတီးအသင်းရဲ့ ခရိုအေးရှားလက်ရွေးစင် ကွင်းလယ်လူ ကိုဗာဆစ်ဟာ နောက်ကျောဒဏ်ရာကြောင့် အသင်းရဲ့ ပွဲစဉ်အချို့ကို လွဲချော်မယ်လို့ သတင်းတွေမှာ ဖော်ပြထားပါတယ်။

ကိုဗာဆစ်ဟာ ကြွက်သားပြဿနာ ရှိနေတဲ့အတွက် ယူရို ၂၀၂၄ ခြေစစ်ပွဲတွေဖြစ်တဲ့ လတ်ဗီးယား၊ အာမေးနီးယား အသင်းတို့နဲ့ပွဲမှာ ခရိုအေးရှားအသင်းအတွက် ပါဝင် မကစားနိုင်ခဲ့ပါဘူး။

အသက် ၂၉ နှစ်အရွယ်ရှိ ကစားသမားဟာ ဒဏ်ရာ အခြေအနေကို MRI စကန်ဖတ် စစ်ဆေးမှုကို ခံယူရမှာဖြစ်ပြီး ၁၀ ရက် ဒါမှမဟုတ် ဒီထက်ပိုပြီး အနားယူရနိုင်တဲ့ အခြေအနေမှာ ရှိနေတာပါ။ 

ကိုဗာဆစ်ဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ချယ်လ်ဆီးအသင်းကနေ ပေါင် ၂၅ သန်းနဲ့ မန်စီးတီးအသင်း ထံ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပါတယ်။

ကိုဗာဆစ်ဟာ ဒီရာသီမှာ မန်စီးတီးအသင်းအတွက် ပြိုင်ပွဲစုံ ၆ ပွဲ ပါဝင်ကစားပြီးနောက် ဒဏ်ရာကြောင့် အနားယူ ရမှာက အသင်းအတွက် ထိုးနှက်ချက် ဖြစ်လာနိုင်တာပါ။ 

ကိုဗာဆစ်ကို တွေ့ရစဉ်

မန်စီးတီးအသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် ဒီဘရိုင်းကလည်း ဒဏ်ရာကြောင့် ခွဲစိတ်ကုသမှု ခံယူပြီး အနားယူနေရ တဲ့အတွက် ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံအသင်းဟာ ကွင်းလယ်ပိုင်းမှာ အခက်အခဲတွေ ရှိလာနိုင်တာ ဖြစ်ပါတယ်။ 

ဒါပေမယ့် နွေရာသီ အပြောင်းအရွှေ့ နောက်ဆုံးနေ့က ဝုလ်ဗ်စ်အသင်းကနေ ခေါ်ယူထားတဲ့ မာသီးယက်စ်နူနက်စ် ရှိနေတာကြောင့် မန်စီးတီးအသင်းအတွက် အနည်းငယ် စိတ်သက်သာရာ ရနိုင်တာပါ။ 

ကိုဗာဆစ်ကတော့ ဒဏ်ရာကြောင့် အခုတစ်ပတ် ကစားမယ့် ဝက်စ်ဟမ်းအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ မန်စီးတီး အသင်းအတွက် ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။ 

အဲ့ဒါကြောင့် မန်စီးတီးအသင်းဟာ ရိုဒရီ၊ မာသီးယက်စ်နူနက်စ်နဲ့ ဘာနာဒိုဆေးလ်ဗားတို့ကို ကွင်းလယ် အတွဲအဖက်အဖြစ် ပွဲထွက်လာဖွယ် ရှိနေပါတယ်။ 

မန်စီးတီးအသင်းဟာ အခုနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ် ၄ ပွဲ ကစားအပြီးမှာ ရာနှုန်းပြည့် နိုင်ပွဲနဲ့ အမှတ်ပေး ဇယားကို ဦးဆောင်နေတာ ဖြစ်ပါတယ်။

Source: Goal