CNI Sport News

၂၀၂၃ ခုနှစ်၊ ဩဂုတ် ၇

အာဆင်နယ်အသင်းနည်းပြ အာတီတာက မန်စီးတီးအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီး ကွန်မြူနတီဒိုင်းချန်ပီယံဆုကို ရယူနိုင်ခဲ့တာထက် ပိုကောင်းတဲ့အရာမရှိဘူးလို့ ပြောလိုက်ပါတယ်။

အာတီတာက “အလွန်ကောင်းမွန်တဲ့ ခံစားချက်ပါ။ ဝင်ဘာလေမှာ ကမ္ဘာ့အကောင်းဆုံးအသင်းကို အနိုင်ယူပြီး ဆုဖလားရယူနိုင်တာထက် ပိုကောင်းတဲ့အရာအများကြီးရှိမယ်လို့ မထင်ပါဘူး။ ကစားသမားတွေဟာ အသင်း တိုင်းကို အနိုင်ယူနိုင်တယ်ဆိုတဲ့ ယုံကြည်မှုရှိတာကောင်းပါတယ်။ ပွဲကိုအနိုင်ရဖို့အတွက် တိုက်ပွဲဝင်ခဲ့သလို မှန်ကန်တဲ့ စိတ်ပိုင်းဆိုင်ရာကိုလည်း ပြသနိုင်ခဲ့ပါတယ်။ ကျနော်တို့ ဒီကိုရောက်နေရတဲ့ အကြောင်းရင်းက ကလပ်ကို ဆုဖလားတွေဆွတ်ခူးဖို့နဲ့ အောင်မြင်အောင်လုပ်ဖို့ပါ” လို့ ပြောခဲ့ပါတယ်။

အာဆင်နယ်နဲ့ မန်စီးတီးအသင်းတို့ရဲ့ ကွန်မြူနတီဒိုင်းပွဲစဉ်ဟာ တဖက် ၁ ဂိုးစီသရေကျခဲ့တာကြောင့် ပင်နယ်တီ အဆုံးအဖြတ်ခံယူခဲ့ရတာပါ။ ပွဲချိန် ၇၇ မိနစ်မှာ ပယ်လ်မာက မန်စီးတီးအသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး အာဆင်နယ်အတွက်ချေပဂိုးကို နာကျင်အချိန်ပို ၁၀၁ မိနစ်မှာ ထရိုဆာဒ့်က သွင်းယူခဲ့တာဖြစ်ပါတယ်။ အဲဒါ ကြောင့် ပင်နယ်တီအဆုံးအဖြတ်ခံယူခဲ့တာမှာ အာဆင်နယ်အသင်းက ၄ ဂိုး- ၁ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆုကို ရယူနိုင်ခဲ့တာပါ။
      
အာဆင်နယ်အသင်းဟာ ၂၀၂၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ကွန်မြူနတီဒိုင်းချန်ပီယံဆုကို ရယူနိုင်ခဲ့တာ ဖြစ်ပြီး အခုတစ်ကြိမ်အပါအဝင် ချန်ပီယံဆုကို ၁၇ ကြိမ် ရရှိထားတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဆုဖလား ၃ လုံး ရယူနိုင်ခဲ့တဲ့ မန်စီးတီးအသင်းဟာ ကွန်မြူနတီဒိုင်းပြိုင်ပွဲမှာ နောက်ဆုံး ၃ ကြိမ်ဆက်တိုက် ရှုံးပွဲ ကြုံတွေ့ခဲ့ရတာ ပါ။

အာဆင်နယ်အသင်းဂိုးသမား ရမ်စဒေးလ်က “ဒါက ကြေညာချက်တစ်ခုပါပဲ။ ကျနော်တို့ဟာ ပွဲကြီးပွဲကောင်းမှာ မန်စီးတီးအသင်းကို အနိုင်ရခဲ့ပြီး ဒါဟာ ကျနော်တို့ သွားလို့ရတယ်ဆိုတာ သိနိုင်တဲ့အမှတ်အသားပါ။ ဒီရာသီမှာ ဘယ်လိုတွေဖြစ်လာမလဲဆိုတာ မသိပေမယ့် အခုအချိန်မှာ ကျနော်တို့ဟာ တွန်းအားပေးနိုင်ဖို့ အဆင်သင့် ဖြစ်နေ ပါပြီ”လို့ ပြောခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းဟာ အခုလာမယ့်အပတ်မှာ ပရီးမီးယားလိဂ်ပွဲစဉ် ၁ အဖြစ် နော်တင်ဟမ်ဖောရက်စ်၊ လက်ရှိ ချန်ပီယံ မန်စီးတီးအသင်းက ဘန်လေအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:BBC