CNI Sport News
၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၁၃
ယူနိုက်တက်အသင်းဟာ အမေရိကန်ဆော့ဖ်ဝဲလ်ကုမ္ပဏီ Snapdragon နဲ့ စာချုပ်ချုပ်ဆိုဖို့ သဘောတူညီမှု ရယူပြီးနောက် အင်္ကျီစပွန်ဆာအသစ်ကို ကြေညာလိုက်ပါတယ်။
Snapdragon ဟာ ယူနိုက်တက်အသင်းရဲ့ တရားဝင်ရင်ဘတ်စပွန်ဆာဖြစ်လာဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တဲ့ နည်းပညာကုမ္ပဏီ Qualcomm ရဲ့ ကုမ္ပဏီခွဲဖြစ်တယ်လို့ သိရပါတယ်။ ယူနိုက်တက်အသင်းဟာ လက်ရှိစပွန်ဆာဖြစ်တဲ့ TeamViewer နဲ့ စာချုပ်သက်တမ်းတိုးမှာမဟုတ်ဘူးလို့ ပြီးခဲ့တဲ့နှစ်က ကြေညာခဲ့ပြီး နောက် အင်္ကျီစပွန်ဆာအသစ်တွေကို ရှာဖွေနေခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းဟာ စက်တင်ဘာ ၁၂ ရက်က အင်္ကျီစပွန်ဆာအသစ်ကို အတည်ပြုခဲ့တာကြောင့် အသင်းရဲ့ အင်္ကျီရင်ဘတ်မှာ Snapdragon အမှတ်တံဆိပ်တွေကို မြင်တွေ့ရတော့မှာပါ။

၂၀၂၄-၂၅ ဘောလုံးရာသီကစတင်ပြီး Snapdragon အမှတ်တံဆိပ်တွေဟာ ယူနိုက်တက်အသင်းရဲ့ အမျိုးသားနဲ့ အမျိုးသမီးအသင်းဝတ်ဆင်မယ့် အိမ်ကွင်း၊အဝေးကွင်းနဲ့ တတိယဝတ်စုံတွေမှာ ပါဝင်လာတော့မယ်လို့ မန်ချက်စတာကလပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ယူနိုက်တက်အသင်းနဲ့ Snapdragon တို့ ချုပ်ဆိုခဲ့တဲ့ စာချုပ်အရ အသင်းဟာ တစ်နှစ်ကို ကမ္ဘာ့စံချိန်တင် ပေါင် သန်း ၆၀ ရရှိမှာဖြစ်ပြီး ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ရင်ဘတ်စပွန်ဆာဖြစ်လာမယ်လို့ သိရပါတယ်။ ဒါပေမယ့် အခုနှစ် ဘောလုံးရာသီအကုန်ထိ TeamViewer အမှတ်တံဆိပ်ပါ ယူနိုက်တက်အသင်းအင်္ကျီတွေကို ဆက်ပြီး မြင်တွေ့ရဦးမှာပါ။ ယူနိုက်တက်အသင်းပရိသတ်အချို့ဟာ ပိုင်ရှင်ဖြစ်တဲ့ ဂလေဇာမိသားစုကို ကန့်ကွက် ဆန္ဒပြ နေချိန်မှာ တန်ဖိုးမြင့်အင်္ကျီစပွန်ဆာသဘောတူညီရရှိခဲ့တာဖြစ်ပါတယ်။
ယူနိုက်တက်အသင်းပရိသတ်တွေဟာ ပိုင်ရှင်အသစ်ကို မြင်တွေ့ချင်နေကြပေမယ့် ပြီးခဲ့တဲ့ နိုဝင်ဘာလကတည်း က စတင်ခဲ့တဲ့ အသင်းကို ရောင်းချမယ့်လုပ်ငန်းစဉ်တွေဟာ မဖြစ်မြောက်သေးတာကြောင့် စိတ်ပျက်နေကြပါ တယ်။
Source:DailyMail
 
	    	  	
	    	       
	    
	  	   
	 
			 
			 
                        
