CNI Sport News
၂၀၂၆ ခုနှစ်၊ ဇူလိုင် ၆
ပေါ်တူဂီအသင်းခေါင်းဆောင် ရော်နယ်လ်ဒိုက စပိန်အသင်းနဲ့ ယှဉ်ပြိုင်ရမယ့် ကမ္ဘာ့ဖလား ၁၆ သင်းအဆင့်ပွဲ မတိုင်မီ ဒီပြိုင်ပွဲဟာ သူ့ရဲ့နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။
ရော်နယ်လ်ဒိုက “ဒီပြိုင်ပွဲက ကျနော့်ရဲ့ နောက်ဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်မှာပါ။ ဒါပေမယ့် စပိန်အသင်းနဲ့ပွဲက ကျနော်ရဲ့ နောက်ဆုံးပွဲမဖြစ်ဖို့ မျှော်လင့်ပါတယ်။ နိုင်ငံတကာ ဘောလုံးလောကကနေ အနားယူတဲ့နေ့ကလည်း ရောက်လာပါလိမ့်မယ်။ ကျနော်ဟာ စိတ်အားထက်သန်မှု အပြည့်ရှိပြီး ဘောလုံးကို ချစ်မြတ်နိုးလို့ ကစားနေတာ ပါ။ ကျနော် ဒီကမ္ဘာ့ဖလားပြိုင်ပွဲမှာ ၃ ဂိုး သွင်းယူထားပြီး ဒါက ဆိုးရွားနေတာ မဟုတ်ဘူးမလား”လို့ ပြောခဲ့ပါ တယ်။
အသက် ၄၁ နှစ်အရွယ်ရှိ ရော်နယ်လ်ဒိုဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၆ ကြိမ်မြောက် ယှဉ်ပြိုင်နေတာဖြစ်ပြီး မတူညီ တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၆ ကြိမ်မှာ ဂိုးသွင်းယူနိုင်တဲ့ ပထမဆုံး ကစားသမားအဖြစ် မှတ်တမ်းတင်ထားတာပါ။
ရော်နယ်လ်ဒိုဟာ ဒီပြိုင်ပွဲအတွင်း ဥဇဘတ်ကစ္စတန်အသင်းနဲ့ အုပ်စုပွဲမှာ ၂ ဂိုး၊ ခရိုအေးရှားအသင်းနဲ့ ၃၂ သင်း အဆင့်ပွဲမှာ ၁ ဂိုး သွင်းယူထားပါတယ်။

ရော်နယ်လ်ဒိုကို တွေ့ရစဉ်
ပေါ်တူဂီအသင်းနဲ့ ယူရို ၂၀၁၆၊ နေရှင်းလိဂ်ဖလား ၂ ကြိမ် ရယူနိုင်ခဲ့တဲ့ ရော်နယ်လ်ဒိုက သူ့ရဲ့ ကိုယ်ရေး မှတ်တမ်း ကို ပြီးပြည့်စုံဖို့အတွက် ကမ္ဘာ့ဖလား ချန်ပီယံဆုကို ရယူနိုင်ဖို့ မလိုအပ်ဘူးလို့လည်း အခိုင်အမာ ပြောခဲ့တာပါ။
ဒါ့အပြင် ရော်နယ်လ်ဒိုဟာ စပိန်အသင်း ကြယ်ပွင့် ယာမဲလ်နဲ့ပတ်သက်ပြီး မေးမြန်းခံရချိန်မှာ သူဟာ အနာဂတ် ကြီးကြီးမားမားရှိတဲ့ ကစားသမားဖြစ်ပြီး ပိုကောင်းအောင် ပြင်ဆင်ထားနိုင်ရင် ဘောလုံးကစားသမားဘဝကို ပိုကောင်းအောင် ဖြတ်သန်းနိုင်လိမ့်မယ်လို့ ပြောခဲ့ပါတယ်။
စပိန်အသင်းနည်းပြ ဒယ်လာဖွန်တေက သူဟာ ရော်နယ်လ်ဒိုရဲ့ ပရိသတ်ဖြစ်ပြီး လူငယ်တွေအတွက် စံပြဖြစ်တဲ့ သူ့ကိုနှစ်သက်သလို သူလုပ်ဆောင်နေတဲ့ နယ်ပယ်တွေမှာ သူက အကောင်းဆုံးဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
Source: ESPN
