- By CNI
- Category: စီးပွားရေး
- Hits: 440
CNI International News
တိုကျို၊ မေလ ၂၉
အီရန်စစ်ပွဲကြောင့် အရှေ့အလယ်ပိုင်းသို့ မော်တော်ယာဉ်များ၊ သံမဏိပိုက်များ အပါအဝင် ဂျပန်၏ အဓိက ပို့ကုန်များ တင်ပို့မှုသည် ဧပြီလအတွင်းက သိသိသာသာ ကျဆင်းခဲ့ကြောင်း ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာနက မေလ ၂၈ ရက်တွင် ထုတ်ပြန်သည့် စာရင်း အချက်အလက်များကို ကိုးကားပြီး Nikkei Asia မှ ဖော်ပြခဲ့သည်။
ဂျပန်၏ တိုယိုတာ မော်တော်ကားကုမ္ပဏီက အရှေ့အလယ်ပိုင်းဒေသတွင်း ဆက်လက် ဖြစ်ပွားနေသော ပဋိပက္ခ များသည် ကုန်သွယ်မှုကို ထိခိုက်စေခဲ့သဖြင့် ဧပြီလအတွင်း ဂျပန်နိုင်ငံမှ အရှေ့အလယ်ပိုင်းဒေသသို့ တိုယိုတာ မော်တော် ယာဉ်တင်ပို့မှုမှာ ယခင်နှစ် ကာလတူထက် ၉၁ ဒသမ ၇ ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပြီး အစီးရေ ၂၄၁၈ စီးသာ တင်ပို့နိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
တိုယိုတာကုမ္ပဏီ၏ ဧပြီလအတွင်း ကမ္ဘာတစ်ဝန်း ရောင်းအားမှာလည်း ၃ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အစီးရေ ၈၄၉,၃၀၆ စီးသာ ရှိခဲ့ကာ ရောင်းအားကျဆင်းမှုသည် ၃ လဆက်တိုက် ရှိလာခဲ့ပြီ ဖြစ်သည်။
ဆန့်ကျင်ဘက် အနေဖြင့် တိုယိုတာကုမ္ပဏီ၏ ကမ္ဘာတစ်ဝန်း မော်တော်ယာဉ် ထုတ်လုပ်မှုသည် ၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး အစီးရေ ၈၃၁,၉၇၁ စီးအထိ ရှိခဲ့ကာ ဧပြီလအတွက် စံချိန်တင် အမြင့်ဆုံး ထုတ်လုပ်မှုပမာဏလည်း ဖြစ်သည်။

ဂျပန် စီးပွားရေး လုပ်ငန်းရှင်များကို တွေ့ရစဉ်
မော်တော်ယာဉ်များ ထုတ်လုပ်မှု ပမာဏအရ ကမ္ဘာ့အကြီးဆုံးဖြစ်သည့် တိုယိုတာကုမ္ပဏီ၏ ပြည်ပရောင်းအားမှာ ၇ ဒသမ ၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အစီးရေ ၆၉၉,၃၈၂ စီး ရှိခဲ့သည်။
အမေရိကန်ပြည်ထောင်စု၌ တိုယိုတာကားများ၏ ရောင်းအားမှာ ၄ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး အစီးရေ ၂၂၂,၃၇၈ စီး ရှိခဲ့ကာ၊ အရှေ့အလယ်ပိုင်းဒေသ၌ ရောင်းအားမှာ ၃၃ ဒသမ ၇ ရာခိုင်နှုန်းအထိ သိသိသာသာ ကျဆင်းသွားခဲ့ပြီး အစီးရေ ၃၁,၃၆၀ စီးသာ ရှိခဲ့သည်။
တစ်ချိန်တည်းမှာပင် တိုယိုတာကုမ္ပဏီ၏ ပြည်တွင်း ရောင်းအားမှာမူ ၂၄ ဒသမ ၂ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပြီး အစီးရေ ၁၄၉,၉၂၄ စီး ရှိခဲ့သည်။
ဂျပန်၌ မတ်လကုန်တွင် သဘာဝပတ်ဝန်းကျင်အပေါ် ဆိုးကျိုးသက်ရောက်မှုအတွက် ပေးဆောင်ရသည့် ကုန်စည် ခွန်ကို ဖျက်သိမ်းမည် ဖြစ်သောကြောင့် မော်တော်ကားဝယ်ယူရန် ဆိုင်းငံ့ထားခဲ့ကြသော စားသုံးသူများ၏ ဝယ်လို အား ပြန်လည် မြင့်တက်လာခြင်းကြောင့် ဖြစ်သည်။
ထုတ်လုပ်မှု အပိုင်းတွင်မူ တိုယိုတာ၏ ပြည်ပထုတ်လုပ်မှု ပမာဏမှာ ၃ ဒသမ ၈ ရာခိုင်နှုန်း မြင့်တက်ခဲ့ပြီး အစီးရေ ၅၆၇,၅၇၈ စီး ရှိခဲ့ကာ၊ ပြည်တွင်း ထုတ်လုပ်မှုမှာမူ ၁ ဒသမ ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ကာ အစီးရေ ၂၆၄,၃၉၃ စီး ရှိခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: စီးပွားရေး
- Hits: 458
CNI International News
ဘန်ကောက်၊ မေလ ၂၆
ထိုင်းနိုင်ငံ၏ အထည်ချုပ်လုပ်ငန်းသည် ထုတ်လုပ်မှုကဏ္ဍကို ပြန်လည်ဖွဲ့စည်းရန်၊ လက်ရှိ ကန့်သတ်ချက်များကို ကျော်လွှားရန်နှင့် ဒေသတွင်း ဗဟိုချက်တစ်ခုအဖြစ် ရပ်တည်နိုင်ရန်အတွက် နည်းပညာနှင့် ပြည်တွင်း ရင်းနှီးငွေ များရရှိရန် ကြိုးပမ်းနေကြောင်း The Nation မှ ဖော်ပြခဲ့သည်။
၂၀၂၆ ခုနှစ်၊ မတ်လတွင် ထိုင်းနိုင်ငံ၏ အထည်ချုပ် ပို့ကုန်တန်ဖိုးမှာ ဒေါ်လာ ၁၈၇ သန်းရှိခဲ့ပြီး ဇန်နဝါရီလမှ မတ်လအထိ စုစုပေါင်း ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၂၈ သန်း ရှိခဲ့သဖြင့် အထည်ချုပ်လုပ်ငန်းသည် စီးပွားရေးကို လှုံ့ဆော်ပေးနေသည့် အဓိက ယန္တရားများထဲတွင် ပါဝင်လာခဲ့သည်။
စီးပွားရေး စဉ်ဆက်မပြတ် တိုးတက်နေစေရန်အတွက် ရှေ့ဆက်ရမည့် နည်းလမ်းမှာ ပြည်တွင်း ထောက်ပံ့မှု ကွင်းဆက်များကို တည်ဆောက်ရန်၊ နိုင်ငံအတွင်း ဝင်ငွေရရှိစေရန်နှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုများ ဖန်တီးနိုင်ရန်အတွက် ထိုင်းနိုင်ငံ၏ လက်ရှိ အရင်းအမြစ်များနှင့် အားသာချက်များကို အသုံးပြုနိုင်မည့် နည်းလမ်း များအား ပြန်လည်သုံးသပ်ရန် လိုအပ်ကြောင်း ထိုင်းအထည်ချုပ်လုပ်ငန်းရှင်များအသင်း (TGMA) ၏ ဥက္ကဋ္ဌဖြစ်သူ ချာလန်ပွန် လိုသာရွတ်ဖွန် (Chalumpon Lotharukpong) က ပြောကြားခဲ့သည်။

ထိုင်းအထည်ချုပ်လုပ်ငန်းကိုတွေ့ရစဉ်
“ဆိုလိုချင်တဲ့ အဓိပ္ပာယ်ကတော့ ထိုင်းစတိုင်လ်နဲ့ ပြည်တွင်း အမှတ်တံဆိပ်တွေကို ထူထောင်တာကို ဆိုလိုတာပါ။ ဥပမာအနေနဲ့ ကြည့်မယ်ဆိုရင် အီတလီမှာ ဒီနေ့အထိ အထည်ချုပ်စက်ရုံတွေ ရှိနေတုန်းပဲဖြစ်ပြီး ကိုယ်ပိုင် အမှတ် တံဆိပ်တွေလည်း ရှိကြပါတယ်။ သူတို့ရဲ့ လုပ်ငန်းကဏ္ဍက ထိုင်းနိုင်ငံထက် ၁၂ ဆပိုပြီး တန်ဖိုးကြီးပါတယ်။ ဆိုလို တာက ထိုင်းနိုင်ငံ အနေနဲ့ အတွေးအခေါ် အယူအဆကို ပြောင်းလဲပြီး၊ လမ်းကြောင်းမှန်ပေါ် လျှောက်လှမ်းရင်း မရပ်မနား ဆက်လက် ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်မယ်ဆိုရင် အနာဂတ်မှာ ၁၂ ဆလောက်အထိ တိုးတက် လာနိုင်မယ့် အခွင့်အလမ်းရှိပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
သို့သော် ထိုရည်မှန်းချက် အောင်မြင်ရန်အတွက် စနစ်တစ်ခုကို တည်ဆောက်ရန်နှင့် နိုင်ငံ၏ အလှတရား၊ ယဉ်ကျေးမှု၊ လူနေမှုဘဝပုံစံ ကဲ့သို့သော ထိုင်းနိုင်ငံ၏ အားသာချက်များကို ထိုစနစ်အတွင်းသို့ ပေါင်းစပ် ထည့်သွင်းရန် လိုအပ်သည်ဟု ၎င်းကဆိုသည်။

ထိုင်းအထည်ချုပ်လုပ်ငန်းကိုတွေ့ရစဉ်
“ကျနော်တို့ အနေနဲ့ အနာဂတ်အကြောင်းကို ပိုပြီး ဆွေးနွေးသင့်သလို၊ စဉ်ဆက်မပြတ် တိုးတက်လာစေမယ့် ဂေဟစနစ် တစ်ခုကိုလည်း တည်ဆောက်သင့်တယ်လို့ ထင်ပါတယ်။ ကျနော်တို့အသင်းရဲ့ အခန်းကဏ္ဍကတော့ ဒီလုပ်ငန်းကို ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး ခိုင်မာပြီး တန်ဖိုးရှိတဲ့ ထုတ်လုပ်မှု အခြေခံအုတ်မြစ်တစ်ခု ရှိစေချင်ပါတယ်။ ဒါဟာ လုပ်ငန်းရှင်တွေကြား ပူးပေါင်းဆောင်ရွက်မှုနဲ့ အစိုးရဘက်က ပံ့ပိုးကူညီမှုတွေ လိုအပ်ပါတယ်”ဟု ၎င်းက ဆိုသည်။
ထိုင်းအထည်ချုပ်လုပ်ငန်းရှင်များအသင်း (TGMA) ၏ ဒုတိယဥက္ကဋ္ဌဖြစ်သူ ထမွန်ဝမ် ဗီရော့ချိုင်ယန် (Thamonwan Virodchaiyan) က လက်ရှိတွင် ထိုင်းနိုင်ငံ၏ အထည်ချုပ် လုပ်ငန်းသည် လုပ်ခလစာ၊ စွမ်းအင် စရိတ်၊ ငွေလဲနှုန်း မတည်ငြိမ်မှုနှင့် ကုန်ကျစရိတ် သက်သာသည့် နိုင်ငံများ၏ ပြိုင်ဆိုင်မှုများ အပါအဝင် ပြင်းထန် သော စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့သည်။
COVID -19 ကပ်ရောဂါ ဖြစ်ပွားပြီးနောက် နာမည်ကြီး အမှတ်တံဆိပ် အများအပြားသည် ဈေးနှုန်း သက်သာမှု တစ်ခုတည်းကိုသာ ရှာဖွေခြင်း မပြုတော့ဘဲ တသမတ်တည်းရှိသော အရည်အသွေး၊ သင့်တင့်မျှတသော ဈေးနှုန်း၊ ပွင့်လင်းမြင်သာမှုနှင့် စည်းကမ်းလိုက်နာမှုတို့အပေါ် ပိုမို အလေးထား လာကြသည်ဟုလည်း ထမွန်ဝမ်က ပြောကြားခဲ့သည်။
Source: The Nation
- By CNI
- Category: စီးပွားရေး
- Hits: 505
CNI International News
ဘန်ကောက်၊ မေလ ၂၃
ထိုင်းနိုင်ငံတွင် ရှိနေသည့် ကမ္ဘောဒီးယား ရွှေ့ပြောင်းလုပ်သား ၁၉၀,၀၀၀ ၏ အလုပ်လုပ်ခွင့် ပါမစ်များကို သက်တမ်းတိုးပေးရန် ထိုင်းစီးပွားရေး လုပ်ငန်းရှင်များက အစိုးရကို တိုက်တွန်းခဲ့သည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ထိုကမ္ဘောဒီးယား ရွှေ့ပြောင်း လုပ်သားများ၏ လိုင်စင်များ သက်တမ်း ကုန်ဆုံးသွားခဲ့မည်ဆိုပါက လုပ်သား ပြတ်လပ်မှု အန္တရာယ်နှင့် ရင်ဆိုင်ရနိုင်ကြောင်းလည်း စီးပွားရေးလုပ်ငန်းရှင်များက သတိပေးထားသည်။
အမျိုးသား အလုပ်သမား ဖွံ့ဖြိုးတိုးတက်ရေး အကြံပေးကောင်စီဥက္ကဋ္ဌ တာနစ် ဆိုရတ် (Tanit Sorat) ကမူ ထိုင်းနိုင်ငံတွင် တရားဝင် အလုပ်လုပ်ကိုင်နေသည့် ကမ္ဘောဒီးယား လုပ်သားများအတွက် တင်းကျပ်သော စည်းမျဉ်းများကို ဖြေလျှော့ပေးရန်နှင့် ပါမစ်သက်တမ်းတိုးခြင်း လုပ်ငန်းစဉ်ကို ပိုမိုမြန်ဆန် ချောမွေ့အောင် လုပ်ဆောင်ပေးရန် အာဏာပိုင်များကို တိုက်တွန်းထားကြောင်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံအတွင်းက လူများစုသွားလာနေကြစဉ်
“ကောင်စီဟာ မေလ ၂၀ ရက်က ထိုင်းစက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်နဲ့ ဒီကိစ္စကို ဆွေးနွေးခဲ့ပါတယ်။ စီးပွားရေးကဏ္ဍအနေနဲ့ လုပ်သားပြတ်လပ်မှု ဖြစ်လာနိုင်ခြေအပေါ် အလွန်အမင်း စိုးရိမ်ပူပန်နေကြပါတယ်” ဟု ထိုင်းကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းရှင်များအဖွဲ့ချုပ်၏ ဒုတိယဥက္ကဋ္ဌအဖြစ်လည်း တာဝန်ယူထားသူ မစ္စတာ တာနစ်က ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ်က ထိုင်းနှင့် ကမ္ဘောဒီးယား နိုင်ငံအကြား နယ်စပ်ပဋိပက္ခ မဖြစ်ပွားမီ အချိန်အထိ ငါးဖမ်းလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် ဆောက်လုပ်ရေးကဲ့သို့ လုပ်ငန်းကဏ္ဍများတွင် တရားဝင် အလုပ်လုပ်ကိုင်နေသည့် ကမ္ဘောဒီးယား လုပ်သား အရေအတွက်မှာ ၄၀၀,၀၀၀ ဝန်းကျင်အထိ ရှိခဲ့သည်။
ပြီးခဲ့သည့်နှစ် ဇူလိုင်လ ထိုင်းနှင့်ကမ္ဘောဒီးယားကြား နယ်စပ်တိုက်ပွဲများ ပြင်းထန်ခဲ့ချိန်တွင် ကမ္ဘောဒီးယား အလုပ်သမား အများအပြားသည် ၎င်းတို့၏ နေရပ်သို့ ပြန်လည် ထွက်ခွာသွားခဲ့ကြသည်။
ထိုင်းနိုင်ငံသည် တရားမဝင် ရွှေ့ပြောင်း လုပ်သားများနှင့် ပါမစ် သက်တမ်း ကုန်ဆုံးသွားသူများကို နေရပ်သို့ ပြန်ပို့သည့် မူဝါဒကို ကျင့်သုံးသည်။
ယခုကိစ္စကို ကောင်းစွာ သိရှိနားလည်ထားသည့် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက အလုပ်သမားဝန်ကြီးဌာန အနေဖြင့် ကမ္ဘောဒီးယားလုပ်သား ၁၉၀,၀၀၀ ၏ ပါမစ်များကို သက်တမ်းတိုးပေးရန် တင်ပြထားသော်လည်း၊ အစိုးရဘက်ကမူ တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ခြင်း မရှိသေးကြောင်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံအတွင်းက လူများစုသွားလာနေကြစဉ်
အကယ်၍ ကမ္ဘောဒီးယားလုပ်သားများ ထွက်ခွာသွားရပါက စီးပွားရေး လုပ်ငန်းများ အနေဖြင့် ၎င်းတို့နေရာတွင် အစားထိုးရန်အတွက် မြန်မာ၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့မှ လုပ်သားအသစ်များကို ရှာဖွေစုဆောင်းရန် အချိန် ယူရလိမ့်မည်ဖြစ်ကြောင်း မစ္စတာ တာနစ်က ပြောကြားခဲ့သည်။
ထိုပြဿနာကို လျှော့ချနိုင်ရန်အတွက် ထိုင်းနိုင်ငံသည် သီရိလင်္ကာနှင့် အစောပိုင်း အဆင့်အနေဖြင့် လုပ်သား ၁၀,၀၀၀ ခေါ်ယူရန် နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးခဲ့ပြီး၊ နောက်ထပ် လုပ်သား ၃၀,၀၀၀ အထိ တိုးမြှင့် ခေါ်ယူနိုင်မည့် သဘောတူညီချက်လည်း ရှိနေသည်။
ထို့ပြင် ထိုင်းအစိုးရအနေဖြင့် လုပ်သားပြတ်လပ်မှုကို ဖြည့်ဆည်းရန်အတွက် မြန်မာနိုင်ငံမှ ရွှေ့ပြောင်း လုပ်သား များနှင့် ဒုက္ခသည်များကို ပိုမိုခေါ်ယူသွားရန် စီစဉ်လျက်ရှိသည်။
ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းလုပ်သား စုစုပေါင်း ၄ သန်းနီးပါး အလုပ်လုပ် ကိုင်လျက်ရှိပြီး ၎င်းတို့အနက် မြန်မာနိုင်ငံ သားများမှာ ၈၀ ရာခိုင်နှုန်းခန့်ဖြင့် အများဆုံးဖြစ်ပြီး ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံတို့မှ လုပ်သားများ က ဒုတိယ၊ တတိယနှင့် စတုတ္ထနေရာများတွင် အစဉ်လိုက် ရပ်တည်နေသည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: စီးပွားရေး
- Hits: 625
CNI International News
ဘေဂျင်း၊ မေလ ၂၂
ပြီးခဲ့သည့် သီတင်းပတ်က ဘေဂျင်း (Beijing) မြို့တော်တွင် တရုတ်သမ္မတ ရှီကျင့်ဖျင် (Xi Jinping) က အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အတွက် တည်ခင်းဧည့်ခံခဲ့သည့် နိုင်ငံတော်အဆင့် ဂုဏ်ပြု ညစာစားပွဲ၌ တရုတ်စီးပွားရေးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦး၏ ရုပ်ပုံများသည် လူမှုမီဒီယာများ၌ ပျံ့နှံ့သွားခဲ့ပြီး လူအများကြား စိတ်ဝင်စားမှု မြင့်တက်ခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
မည်သူမည်ဝါမှန်း မသိရသည့် ထိုအမျိုးသမီးသည် ညစာစားပွဲ၏ အထူးနေရာ တစ်ခုဖြစ်သော Tesla စီအီးအို အီလွန်မတ်ခ် (Elon Musk) နှင့် Apple စီအီးအို တင်ကွတ်ခ် (Tim Cook) တို့၏ ကြားတွင် ထိုင်နေခဲ့သည့်အတွက် မီဒီယာများ၏ အာရုံစိုက်မှုကို ခံခဲ့ရသည်။
ထိုအမျိုးသမီးမှာ လူသုံးကုန်လျှပ်စစ်ပစ္စည်း အစိတ်အပိုင်းများနှင့် ဖန်သားများ၊ မှန်ဘီလူးများ ထုတ်လုပ်သည့် Lens Technology ကုမ္ပဏီကြီးကို ထူထောင်ခဲ့သည့် ကျိုးချန်ဖေး (Zhou Qunfei) ဖြစ်သည်။
ကျိုးသည် အမေရိကန် ထိပ်သီးစီးပွားရေး လုပ်ငန်းရှင်များ တက်ရောက်သည့် ထိုညစာစားပွဲတွင် Lenovo ၊ Xiaomi ၊ ByteDance ကုမ္ပဏီများ အပါအဝင် တရုတ်၏ ထိပ်သီး စီးပွားရေး လုပ်ငန်းရှင်များနှင့်အတူ အရေးပါ သည့်နေရာမှ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

Lens Technology ကုမ္ပဏီကြီးကို ထူထောင်ခဲ့သည့် ကျိုးချန်ဖေးကို တွေ့ရစဉ်
ကျိုးကို ၁၉၇၀ ပြည့်နှစ်တွင် ဟူနန် (Hunan) ပြည်နယ်ရှိ ကျေးရွာတစ်ရွာမှ ဆင်းရဲသော မိသားစုတစ်စုတွင် မွေးဖွားခဲ့ပြီး သူ့အသက် ၁၅ နှစ်အရွယ်၌ ကျောင်းထွက်ခဲ့ကာ စက်ရုံများ၌ အလုပ်လုပ်ကိုင်ရန် ရှန်ကျန်း (Shenzhen) မြို့သို့ ပြောင်းရွှေ့ခဲ့သည်။
အသက် ၂၃ နှစ်အရွယ် ၁၉၉၃ ခုနှစ်တွင် သူသည် ဆွေမျိုးအချို့နှင့်အတူ ရှန်ကျန်းမြို့၏ ပေါင်အန်း (Bao'an) ရပ်ကွက်၌ လက်ပတ်နာရီ မှန်များပေါ်တွင် ဆေးရောင် ရိုက်နှိပ်ခြင်းလုပ်ငန်းကို အဓိကထားသည့် အသေးစား လုပ်ငန်းတစ်ခုကို စတင်ခဲ့သည်။
ဆယ်စုနှစ် တစ်ခုအကြာတွင်မူ Lens Technology ကုမ္ပဏီကို တည်ထောင်နိုင်ခဲ့သည်။
Lens Technology ကုမ္ပဏီသည် Apple ကုမ္ပဏီနှင့် လက်တွဲပြီး နောက်ပိုင်းတွင် အရှိန်အဟုန်ဖြင့် အောင်မြင်လာ ခဲ့သည်။
iPhone က စမတ်ဖုန်းလောကကို အကြီးအကျယ် စတင်ပြောင်းလဲတော့မည့် ၂၀၀၇ ခုနှစ်တွင် Lens Technology ကုမ္ပဏီသည် iPhone များအတွက် မျက်နှာပြင်မှန် (Cover Glass) ပံ့ပိုးပေးသူအဖြစ် Apple ကုမ္ပဏီ၏ ထောက်ပံ့ ရေး ကွင်းဆက်ထဲတွင် နေရာတစ်နေရာ ရရှိခဲ့သည်။
iPhone သည် ကမ္ဘာတစ်ဝှမ်းတွင် အကြီးအကျယ် အောင်မြင် လူကြိုက်များလာသည်နှင့်အမျှ Apple သည် Lens Technology ကုမ္ပဏီ၏ အကြီးမားဆုံး ဖောက်သည်ဖြစ်လာခဲ့သည်။
Lens Technology ကုမ္ပဏီကြီးကို ထူထောင်ခဲ့သည့် ကျိုးချန်ဖေးကို တွေ့ရစဉ်
၂၀၁၀ ပြည့်နှစ် အစောပိုင်း ကာလများတွင် Lens Technology ကုမ္ပဏီ၏ နှစ်စဉ်ရရှိသော ဝင်ငွေ စုစုပေါင်း၏ ထက်ဝက်ကျော်သည် Apple ထံမှ ရရှိခဲ့ခြင်းဖြစ်သည်။
Lens Technology ကို ၂၀၁၅ ခုနှစ်၊ မတ်လတွင် ရှန်ကျန်း၏ နည်းပညာအသားပေး ChiNext စတော့အိတ်ချိန်း၌ စာရင်းသွင်းနိုင်ခဲ့သဖြင့် ကျိုးသည် တရုတ်နိုင်ငံ၏ ကိုယ်ထူကိုယ်ထ ကြိုးပမ်းအောင်မြင်ခဲ့သော အချမ်းသာဆုံး အမျိုးသမီးများထဲမှ တစ်ဦး ဖြစ်လာခဲ့သည်။
ထို့နောက် Lens Technology ကုမ္ပဏီသည် ၂၀၂၅ ခုနှစ်တွင် ဟောင်ကောင်၌ အများပိုင်ကုမ္ပဏီအဖြစ် ရှယ်ယာ များကို ထပ်မံရောင်းချခဲ့သည်။
မေလ ၁၅ ရက်တွင် ရှန်ကျန်း စတော့အိတ်ချိန်း၌ စာရင်းဝင်ထားသော Lens Technology ကုမ္ပဏီ၏ ရှယ်ယာ ဈေးကွက်သည် ၅ ဒသမ ၉ ရာခိုင်နှုန်းနီးပါး မြင့်တက်ကာ ၃၄ ဒသမ ၂၁ ယွမ်ဖြင့် ဈေးပိတ်ခဲ့သဖြင့် ကုမ္ပဏီ၏ စုစုပေါင်းတန်ဖိုးမှာ ယွမ် ၁၈၀ ဒသမ ၆ ဘီလျံ (အမေရိကန်ဒေါ်လာ ၂၆ ဒသမ ၆ ဘီလျံ) အထိ ရှိလာခဲ့သည်။
Source: Nikkei Asia
- By CNI
- Category: စီးပွားရေး
- Hits: 687
CNI International News
ဘန်ကောက်၊ မေလ ၂၀
နိုင်ငံပေါင်း ၉၀ ကျော်အတွက် ရက်ပေါင်း ၆၀ ဗီဇာကင်းလွတ်ခွင့် ပေးထားသည့် အစီအစဉ်ကို ဖျက်သိမ်းရန် အစိုးရအဖွဲ့အစည်းအဝေးတွင် ဆုံးဖြတ်လိုက်ကြောင်း ထိုင်းနိုင်ငံ ခရီးသွားလာရေးနှင့် အားကစားဝန်ကြီး သူရဆက် ဖန်ချာရွန်ဝိုရာကူလ် (Surasak Phancharoenworakul)က မေလ ၁၉ ရက်တွင် ပြောကြားခဲ့သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
ဗီဇာ သဘောတူညီချက် တစ်ခုထက်မကရှိသော နိုင်ငံများအတွက်လည်း ယခုဖျက်သိမ်းမှုတွင် အကျုံးဝင်မည် ဖြစ်ပြီး ယခင်သတ်မှတ်ချက် စံနှုန်းများကိုသာ ပြန်လည်ကျင့်သုံးသွားမည်ဟု ဆိုသည်။
အဆိုပါ ဆုံးဖြတ်ချက်ကို သက်ဆိုင်ရာဌာန အသီးသီးသို့ အကြောင်းကြား အသိပေး သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။
၆၀ ရက် ဗီဇာကင်းလွတ်ခွင့် အစီအစဉ် ဖျက်သိမ်းခံရသည့် နိုင်ငံအားလုံးသည် ယခင်ကျင့်သုံးခဲ့သော ဗီဇာ အမျိုးအစားများအတိုင်း ပြန်လည် ပြောင်းလဲသွားမည်ဖြစ်ပြီး၊ ထိုနိုင်ငံအများစုမှာ ရက်ပေါင်း ၃၀ ဗီဇာ ကင်းလွတ် ခွင့် အစီအစဉ် ဖြစ်သည်။

ခရီးသွား ပတ်စပို့စ်ကိုင်ထားသူကို တွေ့ရစဉ်
နောက်ပိုင်းတွင် တင်ပြလာမည့် ပြင်ဆင်ထားသော စံနှုန်းများနှင့် စည်းကမ်း သတ်မှတ်ချက်များကို နိုင်ငံတစ် နိုင်ငံချင်းစီအလိုက် အသေးစိတ် ပြန်လည်သုံးသပ်ရန် ဗီဇာမူဝါဒရေးရာကော်မတီသို့ လွှဲအပ်တာဝန် ပေးသွားမည် ဖြစ်ပြီး၊ နိုင်ငံတစ်နိုင်ငံချင်းစီအတွက် မည်သည့် ဗီဇာအမျိုးအစားက သင့်လျော်သည်ကို စစ်ဆေး အကဲဖြတ်သွား မည် ဖြစ်သည်။
ထိုသို့ ပြန်လည်သုံးသပ်ရာတွင် လုံခြုံရေးနှင့် စီးပွားရေးဆိုင်ရာ ကဏ္ဍနှစ်ရပ်စလုံးကို မျှတသောအမြင်ဖြင့် ထည့်သွင်းစဉ်းစားမည်ဖြစ်သည်။
“ကျနော်တို့အနေနဲ့ ကမ္ဘာလှည့်ခရီးသည် အရေအတွက် တစ်ခုတည်းကိုပဲ အဓိကထားမှာ မဟုတ်ပါဘူး။ ဝင်ရောက်ရ လွယ်ကူပြီး အရေအတွက် များပြားဖို့တင် မဟုတ်ဘဲ အရည်အသွေးမီတဲ့ ခရီးသွားတွေ ဖြစ်စေဖို့ကိုပဲ အလေးပေးသွားမှာပါ။ ဝန်ကြီးချုပ်ကလည်း လုံခြုံရေးကို ပိုမိုခိုင်မာစေဖို့နဲ့ ခရီးသွားလုပ်ငန်းစနစ် တစ်ခုလုံးကို မြှင့်တင်နိုင်ဖို့အတွက် ဗီဇာထုတ်ပေးတဲ့ကိစ္စကို သေချာဂရုတစိုက် စဉ်းစားသုံးသပ်ဖို့ ညွှန်ကြားထားပါတယ်” ဟု သူရဆက်က ပြောကြားခဲ့သည်။
ထို့ပြင် အစိုးရသည် ရက် ၃၀ ကြာ ဗီဇာကင်းလွတ်ခွင့် အစီအစဉ် ရရှိနိုင်သည့် နိုင်ငံအရေအတွက်ကို ၅၇ နိုင်ငံမှ ၅၄ နိုင်ငံသို လျှော့ချခဲ့ပြီး၊ ထိုအစီအစဉ်သည် ကမ္ဘာလှည့် ခရီးသွားများအတွက်သာ ဖြစ်ကြောင်း ကောင်စစ်ဝန်ရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် မုန်ကွန်း ပရာတွမ်ကေအို (Mungkorn Pratoomkaew) က ပြောကြားခဲ့သည်။
အစိုးရအဖွဲ့သည် နိုင်ငံများနှင့် နယ်မြေ ၃ ခုမှ ကမ္ဘာလှည့် ခရီးသွားများအတွက် ၁၅ ရက်ကြာ ဗီဇာကင်းလွတ်ခွင့် အစီအစဉ် အသစ်တစ်ခုကိုလည်း ကြေညာခဲ့ပြီး ဆိုက်ရောက်ဗီဇာ အစီအစဉ်ဖြင့် ခွင့်ပြုထားသည့် နိုင်ငံများနှင့် နယ်မြေ အရေအတွက် ၃၁ ခုမှ ၄ ခုအထိ လျှော့ချခဲ့ကြောင်း မုန်ကွန်းက ပြောကြားခဲ့သည်။
Source: The Nation
- By CNI
- Category: စီးပွားရေး
- Hits: 767
CNI International News
ဘေဂျင်း၊ မေလ ၁၉
တရုတ်နိုင်ငံမှ သိပ္ပံပညာရှင်များသည် နိုင်ငံမြောက်ပိုင်း၏ အလွန်အေးခဲလှသော ဟိုင်လုံကျန်း (Heilongjiang) နှင့် ကျိလင် (Jilin) ပြည်နယ်များတွင် ပုံစံသစ် တစ်မျိုးဖြင့် စုဆောင်းဖြစ်တည်နေသည့် မြေရှားသတ္တုများကို ရှာဖွေ တွေ့ရှိခဲ့ကြောင်း South China Morning Post မှ ဖော်ပြခဲ့သည်။
ယခုရှာဖွေတွေ့ရှိမှုသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြေရှားသတ္တုများ ဖြစ်တည်ခဲ့သည့် ယခင် ယူဆချက် များကို စိန်ခေါ် ပြောင်းလဲပစ်နိုင်ဖွယ် ရှိနေသည်။
တရုတ်နိုင်ငံတောင်ပိုင်းရှိ ရွံ့စေးထူထပ်သည့် မြေရှားသတ္တုသိုက်များတွင် မြေရှားသတ္တုများကို ခွဲထုတ်ရယူရန် အတွက် ဓာတုဗေဒနည်းဖြင့် ဆေးကြောထုတ်ယူရသည်။
သို့သော် ယခု တရုတ်နိုင်ငံမြောက်ပိုင်းတွင် တွေ့ရှိရသည့် ဖြစ်တည်မှု ပုံစံသစ်မှာ သဘာဝအလျောက် အေးခဲလိုက်၊ အရည်ပျော်လိုက် ဖြစ်ပွားသည့် ဖြစ်စဉ် အဆင့်ဆင့်ကြောင့် ဖြစ်ပေါ်လာသော သဲနှင့် ကျောက်စရစ်များဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။
ယခုကဲ့သို့ ဖြစ်တည်မှုပုံစံ ကွဲပြားခြားနားမှုကြောင့် သတ္တုထုတ်ယူ ရောင်းချမှုလုပ်ငန်းကို ပိုမိုထိရောက်စေပြီး ကုန်ကျစရိတ် သက်သာစေမည့်အပြင် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိခိုက်မှု ပိုမိုနည်းပါးစေနိုင်ပါသည်။

သတ္တုတူးဖော်ရေးလုပ်ကွက် တစ်ခုကို တွေ့ရစဉ်
အမေရိကန် အပါအဝင် အနောက်နိုင်ငံများက ယခုကဲ့သို့ အရေးပါလှသည့် မြေရှားသတ္တုများအတွက် ၎င်းတို့၏ ကုန်ထုတ်လုပ်မှု ကွင်းဆက်များကို စိတ်ချရစေရန် အသည်းအသန် ကြိုးပမ်းနေကြသည်။
ထိုအချိန်မျိုးတွင် ယခုကဲ့သို့ ရှာဖွေတွေ့ရှိမှုက တရုတ်နိုင်ငံအား ကမ္ဘာ့ မြေရှားသတ္တု ထုတ်လုပ်မှုကဏ္ဍ၌ ၎င်း၏ ဩဇာလွှမ်းမိုးထားနိုင်မှုကို ပိုမိုခိုင်မာလာစေရန် အထောက်အကူ ပြုနိုင်မည် ဖြစ်သည်။
မြေရှားသတ္တုများ ဆိုသည်မှာ Cerium ၊ Neodymium နှင့် Dysprosium တို့ အပါအဝင် အီလက်ထရွန်နစ် ပစ္စည်း များ၊ အားကောင်းသော သံလိုက်ကြီးများ၊ လျှပ်ကူးပစ္စည်းများအပြင် ကာကွယ်ရေး နည်းပညာများ ထုတ်လုပ်ရာ တွင် အသုံးပြုရသည့် အရေးပါသော သတ္တု ၁၇ မျိုး ပါဝင်သည့် မြေရှားသတ္တုအုပ်စု ဖြစ်သည်။
တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် မြေရှားသတ္တုများကို အများဆုံး ထုတ်လုပ်သည့်အပြင် မြေရှားသတ္တု အများဆုံး အသုံးပြုသည့် နိုင်ငံလည်းဖြစ်သည်။
ထို့ပြင် ကမ္ဘာလုံးဆိုင်ရာ မြေရှားသတ္တုများ သန့်စင်ထုတ်လုပ်မှုကဏ္ဍ၏ ၉၀ ရာခိုင်နှုန်းနီးပါးကို တရုတ်က ဦးဆောင်ထားသည်။
Source: South China Morning Post
- By CNI
- Category: စီးပွားရေး
- Hits: 654
CNI International News
ဘန်ကောက်၊ မေလ ၁၉
အမေရိကန်၊ အစ္စရေးနှင့် အီရန်ကြား ဖြစ်ပွားနေသော စစ်ပွဲကြောင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးထိရောက်နေမှု အတွင်းမှာ ထိုင်းအစိုးရက စီးပွားရေးကိုမြှင့်တင်ရန် ကြိုးပမ်းနေသည်ဟု ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
ကမ္ဘာတစ်ဝန်းရှိ နိုင်ငံများသည် အီရန်စစ်ပွဲ၏ ဂယက်ရိုက်ခတ်မှုများကို ကာကွယ်ရန်အတွက် အစီအမံများ လုပ်ဆောင်နေချိန်တွင် ထိုင်းနိုင်ငံကလည်း လာမည့်လတွင် ဘတ်ငွေ ၄၀၀ ဘီလျံ တန်ဖိုးရှိ အရေးပေါ် ချေးငွေဆိုင်ရာ အမိန့်ဖြင့် စီးပွားရေးလှုံ့ဆော်မှု ပြုလုပ်ရန် စီစဉ်ထားသည်။
ထိုင်းတွင် အစိုးရသစ် စတင် တာဝန်ယူခဲ့ပြီးနောက် ၂ လနီးပါး ကြာမြင့်လာချိန်၌ စီးပွားရေးလှုံ့ဆော်မှုဆိုင်ရာ စီမံချက်များကို ထုတ်ပြန်ထားပြီးဖြစ်သဖြင့် အရေးပေါ် ချေးငွေဆိုင်ရာ အမိန့်ထုတ်ပြန်မှုအပေါ် ဝေဖန်မှုများ ထွက်ပေါ်နေသည်။
ယခုကဲ့သို့ အရေးပေါ် ချေးငွေဆိုင်ရာ အမိန့်ဒီကရီ ထုတ်ပြန်ခြင်း၏ ခိုင်လုံသော အကြောင်းပြချက်ကို ဝေဖန်ရေး သမားများက မေးခွန်းထုတ်နေကြပြီး၊ ထိုအရေးပေါ် ချေးငွေဖြင့် စီးပွားရေး လှုံ့ဆော်မှုဆိုင်ရာ ကြိုးပမ်းချက်များ သည် ရေရှည်ကြုံတွေ့နေရသော အကျပ်အတည်းကို ဖြေရှင်းရန် လုံလောက်မှု ရှိ၊ မရှိ သံသယဖြစ်နေကြသည်။

ထိုင်းနိုင်ငံရဲ့ ချေးငွေအတိုးနှုန်းကို ပြသထားစဉ်
ထို့ပြင် ယခုကဲ့သို့ ငွေကြေး အလုံးအရင်းဖြင့် စီးပွားရေးကို လှုံ့ဆော်ခြင်းသည် ထိလွယ်ရှလွယ်ရှိသည့် စီးပွားရေး အခြေအနေအတွက် ငွေကြေးဖောင်းပွမှု အန္တရာယ်ကို ပိုမိုမြန်ဆန်လာစေနိုင်ကြောင်း ကျွမ်းကျင်သူများက ထောက်ပြနေကြသည်။
ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းသည် ၅ ရာခိုင်နှုန်းမှ ၆ ရာခိုင်နှုန်းအထိ မြင့်တက်သွားနိုင် ကြောင်း၊ အရှေ့အလယ်ပိုင်းစစ်ပွဲ ရေရှည်ကြန့်ကြာလာမှုကြောင့် ကုန်ထုတ်လုပ်မှုစရိတ်များ မြင့်တက်လာကာ ဝန်ထမ်းအင်အား လျှော့ချမှုများလည်း ပိုမိုများပြားလာနိုင်ကြောင်း ကာစီကွန်း သုတေသနစင်တာ (K-Research) က ခန့်မှန်းခဲ့သည်။
“ထိုင်းနိုင်ငံဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ နှစ်မျိုးစလုံးအတွက် အရှေ့အလယ်ပိုင်းဒေသကနေ စွမ်းအင်တင်သွင်းမှု အပေါ် အလွန်အမင်း မှီခိုနေရတာ ဖြစ်ပါတယ်”ဟု K-Research ၏ မန်နေးဂျင်း ဒါရိုက်တာနှင့် အမှုဆောင် စီးပွားရေးပညာရှင် ဘူရင် အဒူဝါတာနာက ပြောကြားခဲ့သည်။
အရှေ့အလယ်ပိုင်း ပဋိပက္ခကြောင့် စွမ်းအင် ထောက်ပံ့မှုများမှာ တဖြည်းဖြည်း ပိုမိုကျပ်တည်းလာပြီး လောင်စာဆီ စရိတ် မြင့်တက်လာမှုကြောင့် ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ထိခိုက်မှုများနှင့် ရင်ဆိုင်နေရကြောင်း မစ္စတာ ဘူရင်က ထောက်ပြခဲ့သည်။

ရေသောက်ဘူး ဈေးနှုန်းကို တွေ့ရစဉ်
“အရှေ့အလယ်ပိုင်းပဋိပက္ခက ဘယ်တော့ ပြီးမလဲဆိုတာ မသိရသေးတဲ့အတွက် ကုန်ထုတ်လုပ်သူတွေ အနေနဲ့ နောက်တစ်လ ဒါမှမဟုတ် နှစ်လအတွင်း ကုန်ကြမ်း ပြတ်လပ်သွားမှာကို စိုးရိမ်နေကြပါတယ်။ ဒါကြောင့် စျေးနှုန်းတွေ ဘယ်လောက်ပဲကြီးကြီး ကုန်ကြမ်းတွေကို ဆက်ဝယ်ဖို့ကလွဲလို့ သူတို့မှာ ရွေးချယ်စရာ သိပ်မရှိပါ ဘူး။ ဒီအကျိုးဆက်ကြောင့် ကုန်ချော ထုတ်လုပ်မှုစရိတ်တွေ မြင့်တက်လာရတာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ငွေကြေးဖောင်းပွမှုနှုန်း အရှိန်အဟုန်ဖြင့် မြင့်တက်လာသည်နှင့်အမျှ K-Research အဖွဲ့သည် ထိုင်းနိုင်ငံ၏ စီးပွားရေး တိုးတက်မှုနှုန်း ခန့်မှန်းချက်ကို ၁ ဒသမ ၉ ရာခိုင်နှုန်းမှ ၁ ဒသမ ၂ ရာခိုင်နှုန်းသို့ လျှော့ချ သတ်မှတ် ခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: စီးပွားရေး
- Hits: 754
CNI International News
ဘန်ကောက်၊ မေလ ၁၄
ထိုင်းနိုင်ငံအတွင်းရှိ ခရီးသွားဝန်ဆောင်မှုများအပေါ် အစိုးရက အခွန်အသစ်များ ကောက်ခံရန် သို့မဟုတ် မူလ ကောက်ခံနေသည့် အခွန်ကို တိုးမြှင့်ကောက်ခံသွားမည်ဟု ပြောကြားခဲ့ကြောင်း ဘန်ကောက်ပို့စ်မှ ဖော်ပြခဲ့သည်။
အဆိုပါ အစီအစဉ်များသည် ယခုအချိန်တွင် မသင့်လျော်သလို အကြောင်းပြချက် ခိုင်လုံမှု မရှိသေးကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများက ပြောကြားခဲ့ကြသည်။
အဘယ်ကြောင့်ဆိုသော် အဆိုပါ အခွန်များမှ ရရှိမည့် ဝင်ငွေများကို ဖွံ့ဖြိုးရေး လုပ်ငန်းများအတွက် မည်ကဲ့သို့ ခွဲဝေအသုံးပြုမည်ဆိုခြင်းကို ရှင်းလင်းစွာ မသိရသေးခြင်းကြောင့်ဖြစ်ကြောင်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။
ထိုင်းလေဆိပ်အာဏာပိုင်အဖွဲ့ (AoT) သည် ၎င်းတို့ လက်အောက်ရှိ တစ်နိုင်ငံလုံးမှ လေဆိပ် ၆ ခုတွင် နိုင်ငံတကာ ခရီးသည် ဝန်ဆောင်မှု အခကြေးငွေကို ဇွန်လ ၂၀ ရက်နေ့မှစပြီး ဘတ် ၇၃၀ မှ ဘတ် ၁၁၂၀ အထိ တိုးမြှင့် ကောက်ခံရန် စီစဉ်နေသည်။

အဒစ် ချိုင်ရတ်တနာနွန်ကို တွေ့ရစဉ်
တစ်ချိန်တည်းမှာပင် ဘဏ္ဍာရေးဝန်ကြီးဌာနသည် ပြည်ပသို့ ထွက်ခွာမည့် ထိုင်းခရီးသွားများအပေါ် ထွက်ခွာခွန် ပြန်လည်ကောက်ခံရန် အဆိုပြုချက်ကို သုံးသပ်နေပြီး နိုင်ငံတကာ ခရီးသွားများအတွက် ဝင်ကြေး ၃၀၀ ဘတ် ကောက်ခံမည့် ကိစ္စမှာလည်း အစိုးရအဖွဲ့၏ အတည်ပြုချက်ကို စောင့်ဆိုင်းနေဆဲ ဖြစ်သည်။
ထိုကဲ့သို့ အခွန်အခများ ကောက်ခံမှုများမှ ရရှိလာမည့် အပိုဝင်ငွေများသည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အတွက် မည်သို့ အကျိုးပြုမည်ကို သက်ဆိုင်ရာ အာဏာပိုင်များ အနေဖြင့် အများပြည်သူ (အထူးသဖြင့် အခွန်ပေး ဆောင်ရမည့်သူများ) ကို ရှင်းရှင်းလင်းလင်း ရှင်းပြနိုင်မည်ဆိုပါက ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများ အနေဖြင့် ကန့်ကွက်မည် မဟုတ်ကြောင်း ထိုင်းဟိုတယ်လုပ်ငန်းရှင်များအသင်း၏ ဥက္ကဋ္ဌ သီရန်ပရာဆစ် ချိုင်ယာပတ် ထရာနန် (Thienprasit Chaiyapatranun) က ပြောကြားခဲ့သည်။
ထိုင်းခရီးသွားများအတွက် အဆိုပြုထားသည့် ထွက်ခွာခွန်နှင့် နိုင်ငံခြားသားများအတွက် ဝင်ကြေး နှစ်ခုစလုံးတွင် ခရီးသွားများထံမှ ကောက်ခံရရှိသော ငွေကြေးများဖြင့် မည်သည့် စီမံကိန်းများကို ရန်ပုံငွေ ထောက်ပံ့ပေးမည်နည်း ဆိုသည့်အချက် အပါအဝင် ရှင်းလင်းသည့် အသုံးစရိတ် အစီအစဉ်များ မရှိသေးကြောင်း ၎င်းက ဆိုသည်။

ခရီးသွားတွေကို တွေ့ရစဉ်
အပိုရရှိလာမည့် ဝင်ငွေအချို့ကို အခြေခံ အဆောက်အအုံ ဖွံ့ဖြိုးရေးအတွက် ခွဲဝေအသုံးပြုသွားမည်ဟု မီဒီယာ များက ဖော်ပြနေသော်လည်း မူဝါဒပိုင်းအရ ထိုကဲ့သို့သော စီမံကိန်းများကို အခြား ဘဏ္ဍာရေး အရင်းအမြစ်များ မှတစ်ဆင့် ရန်ပုံငွေ ရှာဖွေသင့်ကြောင်း သီရန်ပရာဆစ်က ပြောသည်။
အထူးသဖြင့် AoT သည် ၂၀၂၅ ဘဏ္ဍာနှစ်တွင် အမြတ်ငွေ ဘတ် ၁၈ ဘီလျံနှင့် ၂၀၂၆ ဘဏ္ဍာနှစ် ပထမသုံးလပတ် (၂၀၂၅ အောက်တိုဘာမှ ဒီဇင်ဘာအထိ) တွင် ဘတ် ၄ ဒသမ ၆ ဘီလျံ ရရှိခဲ့ကြောင်း ၎င်းက ဆိုသည်။
ထိုင်းခရီးသွားလုပ်ငန်း ကိုယ်စားလှယ်များအသင်း (Atta) ၏ ဂုဏ်ထူးဆောင် အထွေထွေအတွင်းရေးမှူးချုပ် အဒစ် ချိုင်ရတ်တနာနွန် (Adith Chairattananon) ကမူ AoT နှင့် ဆွေးနွေးပြီးနောက် လာမည့်လတွင် စတင်ကောက်ခံ မည့် အခကြေးငွေ တိုးမြှင့်မှုကို ရွှေ့ဆိုင်းရန် ဖြစ်နိုင်ခြေနည်းပါးကြောင်း ပြောကြားခဲ့သည်။
Source: ဘန်ကောက်ပို့စ်
- By CNI
- Category: စီးပွားရေး
- Hits: 798
CNI International News
ဘန်ကောက်၊ မေလ ၁၁
ထိုင်းနိုင်ငံ၏ ကြက်သားထုတ်လုပ် တင်ပို့သူများအသင်း၏ မန်နေဂျာ ကူကရစ် အာာရီပက်ကွန်း (Kukrit Areepakorn) က လက်ရှိတွင် ကြက်သားတင်ပို့မှု အခြေအနေနှင့် ဈေးနှုန်းများ ကျဆင်းနေကြောင်း ပြောကြားခဲ့ သည်ဟု The Nation မှ ဖော်ပြခဲ့သည်။
ထိုကဲ့သို့ ကြက်သားတင်ပို့မှုနှင့် ဈေးနှုန်းများ ကျဆင်းနေရခြင်း၏ အဓိကအကြောင်းရင်း ၂ ခုမှာ တရုတ်နိုင်ငံက ထိုင်းနိုင်ငံရှိ ကြက်သားထုတ်လုပ်ရေးစက်ရုံ ၁၇ ရုံမှ ကြက်သားတင်ပို့မှုများကို ရပ်ဆိုင်းထားခြင်းနှင့် အရှေ့ အလယ်ပိုင်း စစ်ပွဲတို့ကြောင့် ဖြစ်သည်ဟု ကူကရစ်က ပြောကြားခဲ့သည်။
ယခင်က တရုတ်နိုင်ငံသို့ ထိုင်းနိုင်ငံရှိ ကြက်သား ထုတ်လုပ်ရေးစက်ရုံ ၂၂ ရုံမှ ကြက်သားများ တင်ပို့နိုင်ခဲ့သော် လည်း လက်ရှိတွင် စက်ရုံ ၅ ရုံမှသာ ကြက်သားများ တင်ပို့နိုင်တော့သည်။
တရုတ်နိုင်ငံဘက်မှ ပို့ကုန်စက်ရုံများအတွက် ထုတ်လုပ်မှု စံချိန်စံညွှန်းများနှင့် သန့်ရှင်းမှုဆိုင်ရာ စစ်ဆေးမှုများကို ပိုမို တင်းကျပ်လာသောကြောင့် ထိုင်းကြက်သားထုတ်လုပ်ရေးစက်ရုံ ၁၇ ရုံမှ ကြက်သားတင်ပို့မှုများကို ဆိုင်းငံ့ခဲ့ ခြင်းဖြစ်သည်။
လက်ရှိတွင် အဆိုပါ ကိစ္စရပ်နှင့် ပတ်သက်၍ မွေးမြူရေး ဦးစီးဌာနက ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
တရုတ်နိုင်ငံ အနေဖြင့် စံချိန်စံညွှန်းများကို ပိုမို တင်းကျပ်လာရခြင်းမှာ အစိုးရ၏ သွင်းကုန်လျှော့ချရေး မူဝါဒနှင့် အညီ ပြည်တွင်း ထုတ်လုပ်မှု စွမ်းအားကို မြှင့်တင်လာခြင်းကြောင့် ဖြစ်သည်။

ကြက်သား တင်ပို့မှုကို ပြသထားစဉ်
တရုတ်ပြည်တွင်း၌ ကြက်သားလိုအပ်ချက် မြင့်တက်နေသော်လည်း လက်ရှိတွင် ကြက်သားဈေးနှုန်းများ၊ အထူး သဖြင့် ကြက်ခြေထောက်ဈေးနှုန်းမှာ အလွန်ကြီးမြင့်နေသည်။
ထို့ကြောင့် တရုတ်ပြည်တွင်း ထုတ်လုပ်မှု စွမ်းအား မလုံလောက်ခြင်းနှင့် ဈေးနှုန်းများ ပုံမှန်ထက် ပိုမိုမြင့်တက်လာ ခြင်းတို့ ဖြစ်ပေါ်လာပါက ထိုင်းနိုင်ငံကို ပြန်လည် တင်ပို့ခွင့် ပြုလိမ့်မည်ဟု မျှော်လင့်ရကြောင်း ကူကရစ်က ပြောကြားခဲ့သည်။
အဘယ်ကြောင့်ဆိုသော် ထိုင်းနိုင်ငံ၏ ကြက်သား ထုတ်လုပ်သူများသည် ၎င်းတို့၏ ထုတ်လုပ်မှုစွမ်းအားကို လျှော့ချထားခြင်းမရှိဘဲ အော်ဒါရရှိသည်နှင့် ချက်ချင်း တင်ပို့နိုင်သည့် အနေအထားတွင် ရှိနေကြောင်း ၎င်းက ဆိုသည်။
အရှေ့အလယ်ပိုင်းစစ်ပွဲ၏ ရိုက်ခတ်မှုကြောင့် ထိုင်းနိုင်ငံသည် အရှေ့အလယ်ပိုင်း ဈေးကွက်သို့ ကြက်သားများ တင်ပို့နိုင်ခြင်း မရှိတော့ပေ။
ရေနံဈေးနှုန်းများ မြင့်တက်လာခြင်းနှင့် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းသွားလာ၍ မရခြင်းတို့ကြောင့် ကြက်သားများကို ဗြိတိန်နှင့် ဥရောပသမဂ္ဂ ဈေးကွက်များသို့ တင်ပို့ရာတွင် အခြားလမ်းကြောင်းမှ ပတ်၍ သွားနေရသဖြင့် ခရီးလမ်းပိုဝေးကာ သင်္ဘောတင်ဆောင်ခများလည်း ပိုမိုကြီးမြင့်လာခဲ့သည်။
Source: The Nation
- By CNI
- Category: စီးပွားရေး
- Hits: 878
CNI International News
ဒါကာ၊ မေလ ၁၁
အီရန်စစ်ပွဲကြောင့် ဖြစ်ပေါ်လာသည့် အကျပ်အတည်းများက ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကုန်ကျစရိတ်များကို မြင့်တက်စေပြီး ဝင်ငွေများ ဆုံးရှုံးစေခဲ့ကြောင်း အေပီမှ ဖော်ပြခဲ့သည်။
စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ဘဏ္ဍာရေး အခြေအနေအပေါ် ဖိအား ဖြစ်လာနိုင်ဖွယ်ရှိပြီး ကမ္ဘာ့စွမ်းအင်ဈေးနှုန်းများ ဆက်လက် မြင့်တက်နေပါက အစိုးရအနေဖြင့် ဧပြီလမှ ဇွန်လ အထိ ၃ လတာကာလ အတွင်းမှာပင် သဘာဝဓာတ်ငွေ့ရည် (LNG) ထောက်ပံ့ကြေးအတွက် အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၇ ဘီလျံခန့် သုံးစွဲရဖွယ်ရှိနေသည်။
ဘင်္ဂလားဒေ့ရှ်သည် ၎င်း၏အိမ်နီးချင်း အိန္ဒိယနိုင်ငံထံမှ စွမ်းအင် အကူအညီများ တောင်းခံထားပြီး ရုရှား အပါအဝင် လောင်စာဆီ ရရှိနိုင်မည့် လမ်းကြောင်းများကို ရှာဖွေထားသည့် အိန္ဒိယဘက်ကလည်း ကူညီပေး မည်ဟု ပြန်လည် တုံ့ပြန်ထားသည်။
လက်ရှိတွင် လူဦးရေ သန်း ၁၇၀ ကျော်ရှိသော ဘင်္ဂလားဒေ့ရှ် စီးပွားရေးတိုးတက်မှု နှေးကွေးသွားနိုင်ကြောင်း ငွေကြေးများ ထုတ်ချေးပေးသည့် အဖွဲ့အစည်းများက သတိပေးထားသည်။
ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များကလည်း အကျပ်အတည်းကို စီမံခန့်ခွဲရန်အတွက် ခြွေတာရေး အစီအစဉ်များကို ချမှတ်ဆောင်ရွက်နေရပြီ ဖြစ်သည်။

အထည်ချုပ်စက်ရုံ တစ်ခုကို တွေ့ရစဉ်
ဓာတ်ငွေ့နှင့် ဒီဇယ် ပြတ်လပ်မှုများကြောင့် စက်မှုဇုန်များတွင် လျှပ်စစ်မီး ပြတ်တောက်မှုများ မကြာခဏ ဖြစ်ပွားလျက်ရှိသည်။
အစိုးရသည် လျှပ်စစ်ဓာတ်အားပေး စက်ရုံများကို ဓာတ်ငွေ့များ ပိုမို ပေးပို့နိုင်ရန် မြေသြဇာစက်ရုံများအား ပိတ်ထားခြင်း၊ ဈေးဝယ်စင်တာများ၏ ဖွင့်လှစ်ချိန်ကို ကန့်သတ်ခြင်းနှင့် လောင်စာဆီ ခွဲတမ်းစနစ်ဖြင့် ရောင်းချ ခြင်းတို့ကို စတင် လုပ်ဆောင်ခဲ့သည်။
ဘင်္ဂလားဒေ့ရှ်အစိုးရက လောင်စာဆီဖြန့်ဖြူးမှု မြှင့်တင်ပေးခဲ့ပြီးနောက် မကြာသေးမီ ရက်ပိုင်းအတွင်း ဆီဆိုင်များ ၌ တန်းစီစောင့်ဆိုင်းရမှုများ လျော့နည်းသွားသဖြင့် အခြေအနေမှာ အနည်းငယ် သက်သာရာ ရလာသော်လည်း ကဏ္ဍအသီးသီးတွင် စိုးရိမ်ပူပန်မှုများကတော့ ဆက်ရှိနေဆဲဖြစ်သည်။
အာရှတစ်လွှားရှိ အစိုးရများသည်လည်း အလားတူ ဖိအားများနှင့် ရင်ဆိုင်နေကြရပြီး စစ်ပွဲကြောင့် စွမ်းအင် ဈေးနှုန်းများ ရုတ်တရက် မြင့်တက်လာမှုသည် လောင်စာဆီနှင့် ဓာတ်ငွေ့အပေါ် မှီခိုနေရသော စီးပွားရေး စနစ်များကို လှုပ်ခတ်စေလျက်ရှိသည်။
အာရှတိုက်သည် ကမ္ဘာ့ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုန်သွယ်မှု ၅ ပုံ ၁ ပုံခန့် ဖြတ်သန်းသည့် ဟော်မုဇ် ရေလက် ကြားမှတဆင့် တင်သွင်းနေရသော လောင်စာဆီများအပေါ် မှီခိုနေရသဖြင့် ထိုရေလက်ကြား ပိတ်ဆို့မှု၏ ရိုက်ခတ်မှုကို တိုက်ရိုက် ခံစားနေရသည်။
Source: အေပီ
