CNI International News
ရာဂျက်စသန်၊ အောက်တိုဘာ ၃၁
ဆိုလာစျေးကွက်တွင် တရုတ်၏ လွှမ်းမိုးမှုကို ရင်ဆိုင်ရာ၌ အိန္ဒိယ၏ ဆိုလာပြား ထုတ်လုပ်ရေးကဏ္ဍကို မြှင့်တင်ရန် ရည်ရွယ်ခဲ့သည့် ကုန်သွယ်ခွန် တိုးမြှင့်ကောက်ခံမှုသည် ပရောဂျက်များနှင့် စားသုံးသူများအတွက် ကုန်ကျစရိတ်များ မြင့်တက်စေခဲ့သည်ဟု Nikkei Asia မှ ဖော်ပြခဲ့သည်။
အိန္ဒိယသည် ၂၀၂၂ ခုနှစ်၊ ဧပြီလ ကတည်းက ပြည်ပမှ ဝယ်ယူတင်သွင်းသည့် ဆိုလာပြားများအပေါ် အခွန် ၄၀ ရာခိုင်နှုန်း၊ ဆိုလာဆဲလ် (ဆိုလာပြားတွင် ပါဝင်သည့် ဆိုလာအကွက်) များအပေါ် အခွန် ၂၅ ရာခိုင်နှုန်း တိုးမြှင့် ခဲ့သည်။
အိန္ဒိယ၏ ဆိုလာပြား ဝယ်ယူတင်သွင်းမှု စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းကျော်မှာ တရုတ်နိုင်ငံမှ ဝယ်ယူတင်သွင်းနေ ရခြင်းဖြစ်သဖြင့် ထိုကဲ့သို့ ကုန်သွယ်ခွန် တိုးမြှင့်မှုသည် တရုတ်ထုတ်ကုန်များအပေါ် မှီခိုမှုအား လျှော့ချရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်။
သို့သော် ထိုကဲ့သို့ အခွန်တိုးမြှင့်မှုကြောင့် အိန္ဒိယ၏ ဆိုလာပြား ထုတ်လုပ်ရေး ပရောဂျက်များအတွက် ကုန်ကျ စရိတ်များသည် ၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ ပိုမိုများပြားလာခဲ့သည်ဟု လေ့လာသူများက ပြောကြား ခဲ့သည်။

အိန္ဒိယဆိုလာစီမံကိန်းကို တွေ့ရစဉ်
ထို့ပြင် အခွန်တိုးမြှင့်ကောက်ခံမှု မတိုင်မီ ဆိုလာ ပရောဂျက်များကို လေလံဆွဲခဲ့သည့် လုပ်ငန်းရှင်များသည် ကုန်ကျစရိတ်များ မြင့်တက်လာမှုကြောင့် ၎င်းတို့၏ ပရောဂျက်များကို ဆက်လက် လုပ်ကိုင်ရန် ရုန်းကန်နေ ရသည်။
ထိုကဲ့သို့ ကုန်ကျစရိတ်များ မြင့်တက်မှုကြောင့် ဆိုလာပြား ထုတ်လုပ်သူများသာမက တစ်ဆင့်ခံ ဖြန့်ချိပေးသည့် ကုမ္ပဏီများနှင့် စားသုံးသူများ အတွက်လည်း စျေးနှုန်း အခက်အခဲများနှင့် ရင်ဆိုင်ခဲ့ရသည်။
ထို့ကြောင့် ကုန်သွယ်ခွန် တိုးမြှင့်မှုသည် ပြည်တွင်း ဆိုလာ ထုတ်လုပ်သူများကို ကာကွယ်ပေးရန် ရည်ရွယ် သော်လည်း ဆိုလာစွမ်းအင် စျေးနှုန်းများအား ပိုမိုမြင့်တက်စေခဲ့သည်။
အိန္ဒိယသည် ၂၀၃၀ ပြည့်နှစ်တွင် ဆိုလာစွမ်းအင်ကဲ့သို့ ပြန်ပြည့်မြဲစွမ်းအင် ထုတ်လုပ်အားကို ၅၀၀ ဂဂ္ဂါဝပ်အထိ ထုတ်လုပ်နိုင်ရန် မျှော်မှန်းထားသော်လည်း သတ်မှတ်ချက်ကို ပြည့်မီရန် ကုန်ကျစရိတ် မြင့်တက်မှုများက အတားအဆီးသဖွယ် ဖြစ်နေသည်။
ဆိုလာ ထုတ်လုပ်သူများကလည်း ဆိုလာပြား အသစ်များ ရောင်းချမှု အခြေအနေသည် နှေးကွေးလာနိုင်ပြီး အိန္ဒိယ၏ ရာသီဥတုနှင့် စွမ်းအင်လုံခြုံရေး ရည်မှန်းချက်များကို ထိခိုက်စေနိုင်ကြောင်း သတိပေးခဲ့သည်။
Source: Nikkei Asia
 
	    	  	
	    	       
	    
	  	   
			 
			 
			 
                        
