CNI International News

နယူးဒေလီ ၊ မေလ ၂၀

အိန္ဒိယအစိုးရသည် မလက္ကာရေလက်ကြားအနီးက ဂရိတ်နီကိုဘာ(Great Nicobar)ကျွန်းပေါ်တွင် ဒေါ်လာ ၁၀ ဘီလျံခန့် တန်ဖိုးရှိသော အခြေခံ အဆောက်အအုံ စီမံကိန်းတစ်ခုကို အရှိန်အဟုန်မြှင့် လုပ်ဆောင်နေကြောင်း Nikkei Asia မှ ဖော်ပြခဲ့သည်။

အိန္ဒိယခေါင်းဆောင်များသည် အိန္ဒိယသမုဒ္ဒရာ၏ အရှေ့ဘက် အစွန်းပိုင်းတွင် ၎င်း၏ မဟာဗျူဟာမြောက်နှင့် ထောက်ပံ့ ပို့ဆောင်ရေးဆိုင်ရာ တည်ရှိမှုကို အားကောင်းစေရန် ကြိုးပမ်းနေပြီး ထိုစီမံကိန်းကို တွန်းအားပေး လုပ်ဆောင်နေခြင်းဖြစ်သည်။

ပြင်ပကမ္ဘာနှင့် အဆက်အသွယ်ဖြတ်ပြီး နေထိုင်ကြသည့် လူမျိုးစုများရှိသော ဂရိတ်နီကိုဘာ(Great Nicobar) ကျွန်းသည် ကပ္ပလီပင်လယ် (Andaman Sea) အတွင်း တည်ရှိသည်။

အိန္ဒိယသမုဒ္ဒရာ ပတ်ဝန်းကျင်ရှိ တရုတ်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုများကို ယှဉ်ပြိုင်နိုင်ရန် ရည်ရွယ်၍ ဒီဇိုင်းရေးဆွဲထား သော ထိုစီမံကိန်း၏ တည်နေရာသည် အရှေ့တောင်အာရှနှင့် ပိုမိုနီးကပ်သော ရေတပ်အခြေစိုက် စစ်ရေးတည်ရှိမှု ကို ရရှိစေမည်ဖြစ်သည်။

အိန္ဒိယဝန်ကြီးချုပ် မိုဒီကို တွေ့ရစဉ်

ကမ္ဘာ့ကုန်သွယ်မှု စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းခန့် ဖြတ်သန်းသွားလာနေပြီး ကမ္ဘာ့သင်္ဘော သွားလာမှု အများဆုံး ရေလမ်းကြောင်းများထဲမှ တစ်ခုဖြစ်သည့် မလက္ကာရေလက်ကြား (Strait of Malacca) ၏ အဝင်ဝတွင် ကျယ်ပြန့် သော စီးပွားရေး အသွင်ကူးပြောင်းမှုများ ဖြစ်ပေါ်လာစေမည်ဟု အိန္ဒိယအာဏာပိုင်များက ကတိပြုထားသည်။

စီးပွားရေး အခြေအနေများအပြင် စစ်ဘက်နှင့် အရပ်ဘက် နှစ်မျိုးစလုံး အသုံးပြုနိုင်ရန်အတွက် လေယာဉ်ပြေး လမ်းများကို အဆင့်မြှင့်တင်ရန် သို့မဟုတ် အသစ်တည်ဆောက်ရန် အစီအစဉ်များနှင့်အတူ လျှို့ဝှက်သော စစ်ရေး လှုပ်ရှားမှုများလည်း စတင်နေပြီဖြစ်သည်။

“မဟာဗျူဟာမြောက်၊ ကာကွယ်ရေးနဲ့ အမျိုးသားရေးအရ အရေးပါတဲ့ ဂရိတ်နီကိုဘာ(Great Nicobar) စီမံကိန်း ဟာ ဒီဒေသကို အိန္ဒိယသမုဒ္ဒရာဒေသတွင်း ရေကြောင်းနဲ့ လေကြောင်း ချိတ်ဆက်မှုရဲ့ အဓိက ဗဟိုချက်တစ်ခု အဖြစ် ပြောင်းလဲပေးမှာ ဖြစ်ပါတယ်” ဟု ဝန်ကြီးချုပ် မိုဒီ (Narendra Modi)က ပြီးခဲ့သည့်နှစ် စက်တင်ဘာလ တွင် ပြောကြားခဲ့သည်။

ဂရိတ်နီကိုဘာ(Great Nicobar)ကျွန်း၏ အချို့ နေရာဒေသများသို့ သွားရောက်ရန်အတွက် အထူးခွင့်ပြုမိန့်များ လိုအပ်ပြီး၊ အထူးသဖြင့် ဒေသခံတိုင်းရင်းသား လူမျိုးစုများနှင့် ထိတွေ့ဆက်ဆံမည့် ကိစ္စရပ်များအတွက် ခွင့်ပြုချက်များ ပိုမိုလိုအပ်သည်။

Source: Nikkei Asia