CNI News
၂၀၂၆ ခုနှစ်၊ မေလ ၂၀
မြန်မာနိုင်ငံတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဥ်များ အကောင်အထည်ဖော် ဆောင်ရွက်ရာ၌ လွှတ်တော်၏ အခန်းကဏ္ဍ သည်လည်း အရေးကြီးသည်ဟု ပြည်သူ့ရှေ့ဆောင်ပါတီ(PPP)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထက်က CNI သတင်းဌာနသို့ ပြောသည်။
၂၀၂၆ ခုနှစ်၊ ဧပြီ ၁၁ ရက်တွင် အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ဗဟိုကော်မတီ (NSPCC)၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု လုပ်ငန်းကော်မတီ (NSPWC)၊ အမျိုးသား စည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့ကို ပြန်လည် ဖွဲ့စည်းကြောင်း အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ ဖွဲ့စည်းမှုတွင် လွှတ်တော် အခန်းကဏ္ဍ ပါဝင်ခြင်း မတွေ့ရှိရ၍ လွှတ်တော်သည် ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စရပ်များနှင့် မသက်ဆိုင်သည့်သဘော သက်ရောက်သလား ဆိုသည်ကို စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များကြား မေးခွန်းထုတ်မှုများ ရှိနေကြသည်။
အဓိကအားဖြင့် လွှတ်တော်သည် ပြည်သူကို ကိုယ်စားပြုသည့် အဖွဲ့အစည်းတစ်ခု ဖြစ်သည့်အတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များတွင် လွှတ်တော်၏ အခန်းကဏ္ဍကို မဖြစ်မနေ ထည့်စဥ်းစားရန် လိုအပ်ကြောင်း ပြည်သူ့ရှေ့ ဆောင်ပါတီ(PPP)မှ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထက် က CNI သတင်းဌာနသို့ ပြော သည်။

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနဲ့ ဒုဥက္ကဋ္ဌကို တွေ့ရစဉ်
၎င်းက “ပထမတစ်ခုကတော့ လွှတ်တော်ဆိုတာက ဘာလို့ အရေးကြီးလဲဆိုတော့ ပြည်သူတွေရဲ့ ကိုယ်စားဖြစ် တယ်။ ဘယ်လိုပဲပြောပြော လက်ရှိမှာ တရားဝင်သည်၊ တရားမဝင်သည်တို့ အငြင်းပွားလို့ ရပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ပြည်သူတချို့ကနေ မဲပေးရွေးချယ်တယ်။ မဲပေးရွေးချယ်တဲ့ ရလဒ်အရ လွှတ်တော်ပေါ်လာတယ် ပေါ့။ ဒီလွှတ်တော်သည် ပြည်သူတချို့ရဲ့ ကိုယ်စားပြုထားတဲ့ အဖွဲ့အစည်း ဖြစ်တယ်ပေါ့။ အားလုံးလို့တော့ မဆို လိုဘူး။ အဲဒီတော့ ဒီလွှတ်တော်က ပြည်သူတချို့ရဲ့ ကိုယ်စားပြုထားတဲ့ အဖွဲ့အစည်းဖြစ်တာ ဖြစ်တဲ့အတွက် ကြောင့် ပြည်သူ့ ကိုယ်စားပြုတဲ့အခါမှာ လွှတ်တော်ကနေပြီးတော့ နောက်တစ်ခုက လွှတ်တော်က အစိုးရနဲ့မတူ ဘူး။ ပြည်သူတွေအကြားမှာ အမြဲတမ်း ပျံ့နှံ့တည်ရှိနေတာဖြစ်တယ်။ လွှတ်တော်ခေါ်ချိန် မဟုတ်ဘူးဆိုရင် လွှတ်တော် ကိုယ်စားလှယ်ဆိုဝာာ သာမန်ပြည်သူလိုပဲ ပုံမှန်ထိတွေ့ ဆက်ဆံနေတယ်။ ဝန်ကြီးတွေဆိုတာက သာမန် ပြည်သူတွေလိုမျိုး ထိတွေ့ဆက်ဆံဖို့ တော်တော်ခက်တယ်။ လွှတ်တော် ကိုယ်စားလှယ်ဆိုတာက သာမန် ပြည်သူတွေနဲ့ ပုံမှန် ထိတွေ့နေတယ်။ အဲဒီတော့ ကျနော်တို့ မြေပြင်ထဲထိကို ငြိမ်းချမ်းရေးကိစ္စတွေ၊ အချင်းချင်း အပြန်အလှန် နားလည်မှုကိစ္စတွေ ပြည်သူတွေ ကြားထဲမှာဖြစ်နေတဲ့ အငြင်းပွားမှုတွေ အပြန်အလှန် ယုံကြည်မှု ကိစ္စတွေကို လွှတ်တော်ကိုယ်စားလှယ်တွေတဆင့် လွှတ်တော် ကိုယ်စားလှယ်တွေရဲ့အားနဲ့ ပြန်ပြီးတော့ တည် ဆောက်ယူဖို့ လိုတယ်။ အဲဒီတော့ ဒီလွှတ်တော်ရဲ့ အခန်းကဏ္ဍသည် ဥပဒေပြုရေးလုပ်ငန်းတွေမှာ အရေးကြီး သလို နောက်တစ်ခုက ငြိမ်းချမ်းရေးအရ ငြိမ်းချမ်းရေးလို့ ပြောပြီဆိုရင် ကျနော်တို့နိုင်ငံမှာ ဘယ်ဟာကိုပဲ ဦးတည် လဲဆို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဖြစ်နေတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလို့ ပြောပြီဆို ဖွဲ့စည်းပုံအခြေခံ ပြင်ဆင်ဖို့အတွက်ကို အဓိက လုပ်ပိုင်ခွင့်ရှိတာ လွှတ်တော်ပဲဖြစ်တယ်။ အစိုးရလည်းမရှိဘူး၊ တခြား Institution တွေမှာလည်းမရှိဘူး။ လက်ရှိ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးမှာ အဓိက တာဝန်ရှိတာ လွှတ်တော်ပဲဖြစ်တယ်။ ဒါကြောင့်မို့လို့ လွှတ်တော်ရဲ့ အခန်းကဏ္ဍဟာ မဖြစ်မနေ ထည့်စဉ်းစားဖို့လိုပါတယ်” ဟု ပြောသည်။
လက်ရှိ NSPCC,NSPWC,NSPNC စသည့် စုဖွဲ့မှုများတွင် လွှတ်တော်အခန်းကဏ္ဍ မထည့်ရသည့် ကိစ္စရပ်သည် လက်နက်ကိုင် တပ်ဖွဲ့အချင်းချင်း ဦးစွာ ဆောင်ရွက်မည့် ရည်မှန်းချက် ရှိပုံပေါက်ကြောင်း၊ လွှတ်တော်ကဏ္ဍ မပါဝင်သည့်အတွက် ပြည်သူလုထု၏ ကိုယ်စားပြုမှု လျော့နည်းသွားသည့် သဘောရှိသည်ဟု စစ်ရေးနှင့်နိုင်ငံရေး အကဲခတ်များသူများက ထောက်ပြကြသည်။
အစိုးရအနေဖြင့် ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များ ဖော်ဆောင်ရာတွင် လွှတ်တော်၏ အခန်းကဏ္ဍကိုလည်း လျစ်လျူ မရှုသင့်ဘူးဟု လွှတ်တော်ကိုယ်စားလှယ် ဦးကျော်မင်းထက်က CNI သတင်းဌာနသို့ ပြောသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌကို တွေ့ရစဉ်
၎င်းက “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးတွေ စသဖြင့် ပါလာမှာဖြစ်တဲ့ အတွက် ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လွှတ်တော်ရဲ့ အခန်းကဏ္ဍက အရေးပါပါတယ်။ ဒါပေမယ့် လွှတ်တော်က လည်း ပြန်လည်ဖွဲ့စည်း ကာစဆိုတော့ ဒီဟာမှာ လွှတ်တော်ကို မထည့်သေးတဲ့ဟာက လက်ရှိအစိုးရက ဘယ်လို စဉ်းစားချက်ရှိလဲတော့ မသိဘူးပေါ့။ နိုင်ငံရေး Institution တွေ အားကောင်းဖို့ဆိုရင် လက်ရှိ အုပ်ချုပ်နေတဲ့ အစိုးရကိုယ်တိုင်က နိုင်ငံရေး Institution တွေ အားကောင်းလာအောင် ပြုစုပျိုးထောင်ဖို့လိုတယ်။ နိုင်ငံရေး Institution တွေ အားကောင်းလာအောင် ပြစုပျိုးထောင်တဲ့နေရာမှာ လွှတ်တော်ရဲ့အခန်းကဏ္ဍကို အဓိကထား စဉ်းစားရမယ်။ လွှတ်တော်၊ နိုင်ငံရေးပါတီဘက်ကို အဓိကထား စဉ်းစားရမယ်ပေါ့နော်။ အဲဒီတော့ ငြိမ်းချမ်းရေး Process မှာ လွှတ်တော်တွေ၊ နိုင်ငံရေးပါတီတွေရဲ့ ကိုယ်စားပြုခွင့်ကို လျစ်လျူရှုဖို့တော့ မသင့်ဘူး။ တစ်ချိန်မှာ တော့ ထည့်ပေးမယ်လို့တော့ ထင်ပါတယ်။ လွှတ်တော်ကို ဒီ Process ကြီးထဲမှာ စီးမျောစေချင်တယ်ဆိုတာက လွှတ်တော်သည် အုပ်ချုပ်ရေးအာဏာပိုင် မဟုတ်ဘူးပေါ့နော်။ အုပ်ချုပ်ရေး အာဏာပိုင် မဟုတ်တော့ တချို့ ကိစ္စတွေမှာ ယတိပြတ် ဆုံးဖြတ်လို့မရဘူး။ ဒါပေမယ့် လွှတ်တော်ကို ပါစေချင်တယ်ဆိုတာက ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးနဲ့ပတ်သက်တဲ့ ကိစ္စမျိုးတွေ၊ ပြီးတော့ နိုင်ငံတစ်နိုင်ငံမှာ ပြောရမယ်ဆိုလို့ရှိရင် နယ်မြေပိုင်းခြား မှု ကိစ္စမျိုးတွေဆိုတာက လွှတ်တော်သည် အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါတယ်ပေါ့။ ဒါကြောင့်မို့လို့ လွှတ်တော်ကို ဒီ အဖွဲ့တွေထဲမှာ ပါစေချင်တာလို့ ပြောတာပါ”ဟု ပြောသည်။
ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် လွှတ်တော်အခန်းကဏ္ဍ မထည့်သွင်းလျှင် သဘောတူညီချက်များ လွှတ်တော်သို့ ရောက်ရှိလာသည့်အခါနှင့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပေးရန် သဘောတူညီချက်များ လွှတ်တော်သို့ ရောက် ရှိလာသည့်အခါများ၌ မလိုလားအပ်သည့် အငြင်းပွားမှုများဖြစ်နိုင်ကြောင်း၊ ထို့ကြောင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ လွှတ်တော်အခန်းကဏ္ဍကို ထည့်သွင်းရန် စဉ်းစားသင့်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောသည်။
တခြားတစ်ဖက်မှာတော့ လွှတ်တော်ကနေ ငြိမ်းချမ်းရေးဆိုင်ရာ ကော်မတီတစ်ခု ဖွဲ့စည်းရန် ရှိကြောင်း သိရသည်။
လက်ရှိတွင် NSPNC သည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများ၊ လက်မှတ်မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဥ်များ အကောင်အထည် ဖော်နိုင်ရေး ပြင်ဆင်လျက်ရှိသည်။
