CNI News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၇
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ မရှိသည့်အချိန်မှသာ တပ်မတော်အနေဖြင့် လွှတ်တော်ထဲ ပါဝင်နေမှုကို အဆင့်ဆင့် လျှော့ချသွားမည်ဟု ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောဆိုမှုသည် အကြောင်းပြချက် မခိုင်လုံ ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S)မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
“မိမိတို့နိုင်ငံတွင် ဒီမိုကရေစီစနစ်များ ထွန်းကားပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ မရှိသည့် အချိန်တွင် တပ်မတော်အနေဖြင့် လွှတ်တော်တွင် ပါဝင်နေမှုကို အဆင့်ဆင့်လျှော့ချသွားနိုင်မည်”ဟု ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၆ ရက်က ပြင်ဦးလွင်တပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဗိုလ်လောင်းများအား တွေ့ဆုံစဉ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားခဲ့သည်။
ထိုစကားသည် သွယ်ဝိုက်သော နည်းလမ်းဖြင့် လွှတ်တော်နိုင်ငံရေး၌ တပ်မတော်က အမြဲတမ်းပါမည်ဟု ပြောခြင်း နှင့်တူကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S)မှဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “အဲဒါကတော့ သွယ်ဝိုက်တဲ့နည်းနဲ့ လွှတ်တော်နိုင်ငံရေးမှာ တပ်က အမြဲတမ်း ပါမယ်လို့ ပြောတာနဲ့ အတူ တူပါပဲ။ အကြောင်းပြချက်က မခိုင်လုံဘူးလေ။ နောက်ပြီးတော့ လက်နက်ကိုင် မရှိမှလို့ ပြောတဲ့ဟာက တစ်ခါတ လေ လက်နက်ကိုင်အားလုံးက လက်မှတ်ထိုးချင်ပါပြီလို့ ပြောတာတောင်မှ တချို့ကို သူကပဲ ချန်ထားခဲ့တာပါ။ တမင်တကာ ချန်ထားခဲ့တာရှိခဲ့တော့။ အဲဒီလို ချန်ထားနေသမျှတော့ ဘယ်လိုလုပ်ကုန်မလဲ လက်နက်ကိုင် က တော့။ အဲဒါကြောင့် ဒါကတော့ negative နည်းနဲ့ ပြောလိုက်တဲ့ သဘောပါပဲ” ဟု ပြောသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဗိုလ်မှူးကြီးခွန်ဥက္ကာ(ခေါင်းပေါင်းအနီ)ကို တွေ့ရစဉ်
တပ်မတော် အနေဖြင့် နိုင်ငံတော်၏ အမျိုးသားနိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် ခေတ်အဆက်ဆက် သမိုင်း ကြောင်းများအရ ပါဝင်ခဲ့ရကြောင်း၊ သမိုင်းကြောင်းအရ၊ ဖြစ်ပေါ်နေသည့် အခြေအနေများအရ တပ်မတော် အနေ ဖြင့် နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် ဆက်လက် ပါဝင်နေရဦးမည်ဟုလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင်က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံတွင် တပ်မတော်သည် တိုင်းဒေသကြီးနှင့်ပြည်နယ် လွှတ်တော်အသီးသီး အပါအဝင် ပြည်သူ့ လွှတ် တော်၊ အမျိုးသားလွှတ်တော်တို့မှာ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ရွေးကောက်ပွဲ ဝင်စရာမလိုဘဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကနေ ရရှိထားသည်။
အဆိုပါ ကိုယ်စားလှယ် ရာခိုင်နှုန်းကို လွှတ်တော်ကနေ ထွက်ခွာပေးရန် သို့မဟုတ် အဆင့်တစ်ခု လျှော့ချပေးရန် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများက တောင်းဆိုထားကြသည်။
တပ်မတော်သားများ လွှတ်တော်ထဲ ပါဝင်မှုကို အမှန်တကယ် လျှော့ချလိုစိတ်ရှိပါက အစိုးရနှင့် နိုင်ငံတော်၏ အမြင့်ဆုံး အာဏာအား ရွေးကောက်ခံ အရပ်သားအစိုးရ ခေါင်းဆောင်ပိုင်းများက ပိုင်ဆိုင်၍ ထိန်းချုပ်ခြင်း ပေါ်လစီဖြင့် သွားမည်ဆိုပါက ဖြစ်နိုင်ကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်(PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

လက်နက်ကိုင်များ၊ တပ်မတော်-အစိုးရ ခေါင်းဆောင်များကို တွေ့ရစဉ်
၎င်းက “Civilian Supremacy (အစိုးရနှင့် နိုင်ငံတော်၏ အမြင့်ဆုံး အာဏာကို စစ်တပ်မဟုတ်ဘဲ အရပ်သား ခေါင်းဆောင်များကသာ ပိုင်ဆိုင်ပြီး ထိန်းချုပ်ခြင်း)ပေါ့။ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ အရပ်ဘက် အုပ်ချုပ်ရေး အရပ်သားတွေ အစိုးရအောက်မှာ လက်နက်ကိုင်တွေ ရှိရမယ်ဆိုရင်တော့ Civilian Supremacy ကို လိုက်နာမယ် ဆိုရင်တော့ လက်နက်ကိုင်တပ်ဖွဲ့တွေ အားလုံးက အရပ်သားဖြစ်တဲ့ ကာကွယ်ရေးဝန်ကြီး အောက်မှာ ရှိရမယ်။ အဲဒီ ကာကွယ်ရေးဝန်ကြီးအောက်မှာမှ တပ်ကိုအုပ်ချုပ်တဲ့ တပ်ဗိုလ်တပ်မှူးတွေက ရှိတာကို။ သူတို့က နိုင်ငံရေး ကို တိုက်ရိုက်မပါဘဲနဲ့ တပ်ကနားပြီးတော့ အရပ်သားဖြစ်တော့မှ ကာကွယ်ရေးဝန်ကြီး လုပ်ရင်လည်း လုပ်ပေါ့လေ နိုင်ငံရေးပါတီကနေ။ မလုပ်နိုင်ဘူးဆိုရင် အရပ်ဘက် Civilian Supremacy အရ ကာကွယ်ရေးဝန်ကြီးက အရပ် သား ဖြစ်ရမယ်၊ အရပ်သား ကာကွယ်ရေးဝန်ကြီးအောက်မှာ လက်နက်ကိုင် တပ်ဖွဲ့တွေ ရှိမယ်ဆိုရင်တော့ လွှတ်တော်နိုင်ငံရေးမှာ ဆက်ပါဖို့ မလိုတော့ဘူးပေါ့။ Professional army ဖြစ်သွားမှာပေါ့နော်။ တခြား အိန္ဒိယ army တို့လို၊ နီပေါတို့ ဘင်္ဂလားဒေ့ရှ် army တို့လို Professional army ဖြစ်သွားရင်တော့ Civilian Supremacy ကို လိုက်နာတဲ့အတွက် ပါဖို့မလိုတော့ဘူးပေါ့။ အဲဒီပေါ်လစီကို အဓိက ပြောရမှာဖြစ်ပါတယ်” ဟု ပြောသည်။
Civilian Supremacy policy ဆိုသည်မှာ နိုင်ငံရေး ဆုံးဖြတ်ချက်များ ချမှတ်ရာတွင်လည်းကောင်း၊ အစိုးရ အဖွဲ့အစည်းများ လည်ပတ်ရာတွင် လည်းကောင်း ရွေးကောက်ခံ အရပ်သား အစိုးရက အဆုံးအဖြတ်ပေးသော အခန်းကဏ္ဍမှ ပါဝင်ခြင်းဖြစ်ပြီး နိုင်ငံတော်၏ ကာကွယ်ရေး သို့မဟုတ် လုံခြုံရေးဆိုင်ရာ ကိစ္စများ၌ စစ်တပ်သည် အရပ်သားအစိုးရ၏ ဦးဆောင်မှုနှင့် ကြီးကြပ်မှုအောက်မှာ ရှိနေရမည် ဖြစ်သည်။
တစ်နည်းအားဖြင့် နိုင်ငံရေးအာဏာကို သေနတ်ဖြင့် ကိုင်ဆောင်သူများထက် မဲဆန္ဒရှင်များ၏ ဆန္ဒဖြင့် ရွေးချယ်ခံ ရသူများကသာ ထိန်းချုပ်ခွင့် ရှိသည်ဟူသော မူဖြစ်ပြီး ပေါ်လစီအား ခေတ်မီ ဒီမိုကရေစီ နိုင်ငံတိုင်းနီးပါး၌ အခြေခံ အုတ်မြစ်တစ်ခုဖြစ်ကြောင်း သိရသည်။
