CNI New
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၅
မြန်မာနိုင်ငံအား အုပ်ချုပ်သူလူတန်းစားနှင့် လက်နက်ကိုင်တော်လှန်ရေး ဆင်နွှဲနေသူများကြား လိုချင်တာရပြီး နိုင်ငံရေး အာမခံချက်ရှိလျှင် အခြေအနေတစ်ခုကို ပြောင်းသွားနိုင်သည်ဟု စစ်ရေးနှင့်နိုင်ငံရေးအကဲခတ်များက ပြောသည်။
လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် နယ်မြေအုပ်ချုပ်ခွင့်များ ရရှိရေး ကြိုးပမ်းနေကြသလို သူတစ်လူ ငါတစ် မင်းလုပ်နေကြ၍ စစ်ပွဲကို ဆက်လက် ဆင်နွှဲရမည်ဖြစ်ကြောင်း၊ လက်နက်ကိုင်များအနေဖြင့် မိမိတို့ လိုလားချက် များကို လွှတ်တော်အတွင်းကနေ တောင်းဆိုကြရန်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားထားသည်။
ပြည်နယ်သူ/သားများ ဒုက္ခရောက်မည်ဆိုသည့် သဘော တွက်ဆပြီး နှစ်ဖက်စလုံး ကိုယ်လိုချင်တာ ရယူ၍ နိုင်ငံရေး အာမခံချက် ရှိသည်ဆိုလျှင် အခြေနေတစ်ခုကို ပြောင်းသွားနိုင်သည်ဟု ပအိုဝ်းအမျိုးသား လွတ်မြောက် ရေးအဖွဲ့ချုပ်(PNLO-NCA/S)မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီးခွန်ဥက္ကာ CNI သတင်းဌာနသို့ ပြောသည်။
၎င်းက “ဘယ်လိုဖြစ်ဖြစ် စစ်ရေးပဋိပက္ခ အကြမ်းဖက်မှုတွေ မြင့်တက်နေရင်တော့ ဒေသခံပြည်သူလူထု ပြည်နယ် သူ ပြည်နယ်သားတွေပဲ ဒုက္ခရောက်မယ်ဆိုတဲ့ သဘောပေါ့။ အဲတာ တွက်ဆပြီးတော့ နိုင်ငံရေး လမ်းကြောင်း ပြောင်းမယ်ဆိုလည်း ပြောင်းနိုင်ပါတယ်။ သို့သော်လည်းပဲ ကိုယ်ဘက်က အရှုံး အနာခံပြီးတော့မှ အရှုံးပေးပြီး တော့မှ ပြောင်းတာမဟုတ်ဘဲနဲ့ နှစ်ဖက်စလုံး ကိုယ်လိုချင်တာ ကိုယ်ရပြီးတော့ နိုင်ငံရေး အခွင့်အရေး တွေလည်း အာမခံချက် ရှိတယ်ဆိုရင်တော့ အခြေအနေတစ်ခုကို ပြောင်းသွားနိုင်ရင်လည်း ပြောင်းနိုင်တဲ့ သဘောရှိပါတယ်။ စစ်တပ်က ကြီးစိုးတဲ့ စနစ်မျိုးဖြစ်နေတော့ ဒီမိုကရေစီကို ကူးပြောင်းချင်တယ်၊ တိုင်းရင်းသားတွေ တန်းတူညီတူ အခွင့်အရေး ရချင်တယ်ဆို ဖက်ဒရယ်စနစ်ကို နိုင်ငံရေးနည်းနဲ့ သို့မဟုတ် ငြိမ်းချမ်းရေးနည်းနဲ့ ကူးပြောင်းတာကတော့ အထိအခိုက် အနာအဆာ အနည်းဆုံးပေါ့ဗျာ။ လက်နက်ကိုင်နည်းနဲ့ကတော့ ဗြုန်းတိုင်း ကြီး တစ်ခါတည်း ၁၀၀ ရာခိုင်နှုန်းပေါ့။ ပြောင်းလဲပစ်ပြီးတော့ ဒီစနစ်ကြီး တစ်ခုလုံး ပြောင်းပြန်ဖြစ်သွား မယ်ဆို တာက တော်တော်ခက်ပါတယ်။ တိုင်းပြည်ရဲ့ အခြေအနေအရ အစဥ်အလာအရလည်း တော်တော်ခက်ပါတယ်”ဟု ပြောသည်။
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ်ကို တွေ့ရစဉ်
လက်ရှိ မြန်မာနိုင်ငံတွင် ဒီမိုကရေစီထူထောင်ရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ တပ်မတော် လွှမ်းမိုးမှု လျှော့ချရေးအတွက် လက်နက်ကိုင်အဖွဲ့များက တောင်းဆိုလျက်ရှိသည်။
တချို့သော တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း(EAO)များကတော့ ကွန်ဖက်ဒရေးရှင်း အဆင့်အတန်း ရရှိရေး၊ သီးခြားလွတ်လပ်သော နယ်မြေထူထောင်ခွင့် ရရှိရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေး စသဖြင့် တောင်းဆို၍ မြန်မာ့တပ်မတော်ကို တိုက်ခိုက်လျက်ရှိသည်။
လက်နက်ကိုင်များထဲတွင် KIA သည် နိုင်ငံရေးအရ အပါးနပ်ဆုံးဖြစ်ကြောင်း၊ လတ်တလော KIA က နွေဦးတော် လှန်ရေး အင်အားစုတွေနှင့် တွေ့ဆုံသည့်ပုံများ ထုတ်ပြန်၍ မြန်မာ့တပ်မတော်ကို အသားစီးရအောင် ကြိုးပမ်း နေသည်ကို တွေ့ရကြောင်း အမျိုးသားဒီမိုကရက်တစ်အင်အားစုပါတီ(NDF)မှ ဒုဥက္ကဋ္ဌ ဦးထက်အောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။
NSPNC နဲ့ NCA/S EAO 5 ကိုတွေ့ရစဉ်
“ကျနော်တို့က အချင်းချင်း တစ်ဖက်နဲ့တစ်ဖက် သူဖြုတ်ကိုယ်ဖြုတ် ဆိုပြီးတော့မှ လုပ်လို့ရတာ မဟုတ်ဘူး။ ကျနော်တို့က ဒီနိုင်ငံရေး လုပ်တယ်ဆိုတာ ရန်သူကို မိတ်ဆွေဖြစ်အောင် လုပ်တာ အားလုံးညီညီညွတ်ညွတ်နဲ့ သွားကြရမယ်ဆိုတဲ့ မူဝါဒကို တကယ်ကို လက်တွေ့ အကောင်အထည် ဖော်ချင်တဲ့လူတွေဖြစ်တဲ့ အတွက်ကြောင့် ဒီညှိနှိုင်း ဆွေးနွေးရေးကိုတော့ ကျနော်တို့က ဘယ်သူနဲ့ ဘယ်လိုပဲဖြစ်ဖြစ် တကယ်ကို ထောက်ခံပါတယ်။ KIA ဌာနချုပ်မှာ ဒီဘက်က တခြားဟိုဟာတွေနဲ့ တွေ့ကြတယ်ဆိုတဲ့ ဟာကလည်း အစိုးရကိုလည်း ဒီဘက်မှာ ဆွေးနွေး ညှိနှိုင်းချင်ပါတယ်ဆိုတဲ့ ကမ်းလှမ်းမှုမျိုးလည်း ကြားနေရတယ်ပေါ့။ ပြီးတော့ ဒီဟာလည်း လုပ်ပြတယ် ဆိုတဲ့ အားဖြင့်က နိုင်ငံရေးက သူက တော်တော် ပါးပါးနပ်နပ်ရှိတဲ့ လက်နက်ကိုင် အဖွဲ့အစည်းထဲမှာ ပါတယ်ဆို တော့ သူက အဓိက,က သူက bargaining power ကို မြင့်တာပေါ့။ ဆွေးနွေးတဲ့ အခါကြရင် သူဒါတွေရှိတယ်ပေါ့ လေ။ ဒီလူတွေကို ပိုပြီးတော့မှ ထောက်ပံ့လိုက်ရင် ဒီဘက်မှာ ပိုပြီးတော့မှ မတည်မငြိမ် ပိုဖြစ်မယ် သူ့ဆီမှာ ဒီလက်နက်တွေရှိတယ်။ ဒီဝှက်ဖဲတွေရှိတယ်။ ဒါပေမယ့် ဆွေးနွေးမယ် ညှိနှိုင်းမယ် အဲမှာသူက bargaining power ပိုရအောင် အဲဓာတ်ပုံတွေ ထုတ်ပြတယ်လို့ပဲ မြင်ပါတယ်”ဟု ပြောသည်။
၂၀၂၅ ခုနှစ်၊ ဇူလိုင်လနှင့်ဩဂုတ်လများ အတွင်း KIA ဌာနချုပ်သို့ ချင်းညီနောင်အဖွဲ့(CB)၊ ကရင်နီ အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့ (KNDF)၊ ယောတပ်တော်၊ မြိုင် PDF၊ NUG ဝန်ကြီးများ၊ နာဂလက်နက်ကိုင်များ စသည့် နွေဦးတော်လှန်ရေး အင်အားစုများ ဆုံဆည်း၍ KIA နှင့် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။