CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၅
၇၉ နှစ်မြောက် နာဂလွတ်လပ်ရေးနေ့ကို အန်မိုင်း ဦးဆောင်သည့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM)နှင့် နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-အိုက်ဇက်ရှီချီဆူ/ဗွီးဗာ(NSCN-IM)တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ၊ နာဂဒေသမှာ ကျင်းပခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၁၄ ရက်တွင် ကျရောက်သည့် နာဂလူမျိုးများ၏ ၇၉ နှစ်မြောက် လွတ်လပ်ရေးနေ့ကို NSCN-K/AM နှင့် NSCN-IM တပ်ဖွဲ့တို့ ပူးပေါင်း၍ မြန်မာနိုင်ငံ၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ယူနိုက်တက်ဘေ့စ် ဧရိယာ (နာဂလက်နက်ကိုင်များ အခေါ်အဝေါ်ဖြစ်သည်)တွင် ကျင်းပခဲ့ကြောင်း NSCN-K/AM က ထုတ်ပြန်ခဲ့ သည်။
NSCN-K/AM အဖွဲ့က “နာဂတပ်မတော် NSCN-K နှင့် NSCN-IM တို့မှ အညီအတူ ပေါင်းစည်းထားသည့် တပ်ဖွဲ့ကို ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်နေ့တွင် မြန်မာနိုင်ငံ၊ နာဂလမ်း၊ ယူနိုက်တက်ဘေ့စ် ဧရိယာရှိ ပေါင်းစည်းစခန်း တွင် ဓာတ်ပုံတစ်ပုံအဖြစ် ဖမ်းဆွဲထားသည်။ နိုင်ငံမိခင်ကို ကာကွယ်ရန် အညီအစ်ကိုအဖြစ် လက်နက်ကိုင် မဟာဗျူဟာဆိုင်ရာ ညီညွတ်စွမ်းအားဖြင့် တည်မြဲထင်ရှားနေကြသည်”ဟု ပြောကြားခဲ့သည်။
NSCN-K/AM ဆိုသည်မှာ နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/ယုံးအောင်(NSCN-K/YA)က ထုတ်ပယ် လိုက်သည့် ဦးအန်းမိုင် ဦးဆောင်၍ ၂၀၂၃ ခုနှစ်၊ ဇူလိုင် ၂ ရက်က ဖွဲ့စည်းခဲ့သော နာဂလက်နက်ကိုင်ဖြစ်သည်။
NSCN-IM ဆိုသည်မှာ ၁၉၈၀ ခုနှစ်က ဖွဲ့စည်းခဲ့သော နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ(NSCN)ဆိုသော အဖွဲ့ အတွင်း သဘောထားကွဲလွဲ၍ ၁၉၈၈ ခုနှစ်တွင် ကပ္ပလန် ဦးဆောင်သော NSCN-K နှင့် အိုက်ဇက်ရှီချီဆူ/ဗွီးဗာ တို့ ဦးဆောင်သည့် NSCN-IM ဟု ၂ ဖွဲ့ကွဲသွားစဉ် ပေါ်ပေါက်လာသည့် နာဂလက်နက်ကိုင်ဖြစ်သည်။
အဆိုပါ နာဂလက်နက်ကိုင် ၂ ဖွဲ့အနက် NSCN-K/AM သည် မြန်မာပြည်အခြေစိုက် နာဂလက်နက်ကိုင်ဖြစ်ပြီး NSCN-IM သည် အိန္ဒိယအခြေစိုက် နာဂလက်နက်ကိုင်ဖြစ်သည်။ သို့သော် NSCN-IM သည် မြန်မာနိုင်ငံအတွင်းက နာဂဒေသများတွင် လာရောက် အခြေစိုက်လှုပ်ရှားလျက်ရှိနေသည်။