CNI News
၂၀၂၅ ခုနှစ်၊ မေလ ၃
နာဂအမျိုးသားဆိုရှယ်လစ်ကောင်စီ-ကပ္ပလန်/အန်းမိုင်(NSCN-K/AM)အဖွဲ့သည် တိုင်းဒေသကြီးအဆင့် ပဏာမ အပစ်အခတ်ရပ်စဲရေးစာချုပ်(Bilateral Agreement)ထိုးသွားရန် စီစဉ်နေကြောင်း NSCN-K/AM အဖွဲ့၏ ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ဥက္ကဋ္ဌ ဦးချင်းအောင်က CNI သတင်းဌာနသို့ ပြောသည်။
NSCN-K/AM အဖွဲ့သည် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် Bilateral ထိုးရန် တွေ့ဆုံဆွေးနွေးမှုများ လုပ်ထား ပြီး လက်မှတ်ထိုးရန်အဆင့်သာ ကျန်ရှိတော့ကြောင်း၊ သို့သော် ငလျင်ဘေးသင့် အခြေအနေကို ကြုံတွေ့လိုက်ရ ခြင်းကြောင့် အချိန်အနည်းငယ် ကြန့်ကြာနေခြင်းဖြစ်ကြောင်း သိရသည်။
NSCN-K/AM အဖွဲ့က ဦးချင်းအောင်က “ကျနော်တို့ကတော့ အခုလောလောဆယ် အပြုသဘောအနေနဲ့ပဲ စကား ပြောကြတာရှိတယ်။ လောလောဆယ် လက်မှတ်ထိုးဖို့ကိစ္စတွေ ကျနော်တို့ လုပ်နေပေမဲ့ အမှန်ကတော့ ဒီနှစ် (၂၀၂၅ ခုနှစ်) နှစ်ဦးပိုင်းကို လုပ်ဖို့(လက်မှတ် ထိုးဖို့) ရှိပေမဲ့ အခုက ငလျင်ကြောင့် ကျနော်တို့ စစ်ကိုင်းတိုင်းမှာ သဘာဝဘေးဒုက္ခကြောင့် ဝန်ကြီးချုပ်လည်း တက်မလာနိုင်တဲ့ ကိစ္စတွေရှိ အများကြီးဖြစ်လာတဲ့ အတွက်ကြောင့် မလို့ ခဏစောင့်ပေးဖို့ အဲလိုလေးတွေရှိတယ်။ ဟုတ်တယ်(သဘောတူညီချက်တွေ) ဟုတ်တယ်။ ရပြီးပြီ။ လော လောဆယ် လက်မှတ်ထိုးဖို့ပဲ ရှိတော့တာ။ ကျနော်တို့က ပထမတော့ တိုင်းဒေသကြီးအဆင့်ထိုးမှာ။ တိုင်းဒေသကြီးအဆင့် ကနေပြီးမှ ကျနော်တို့ ပြည်ထောင်စုအဆင့်တက်မယ်”ဟု CNI သတင်းဌာနသို့ ပြောသည်။
မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် ဖွံ့ဖြိုးမှုအနိမ့်ကျဆုံး ဒေသများထဲမှာ ပါဝင်ပြီး အစိုးရခေတ် အဆက်ဆက် ဖွံ့ဖြိုးတိုးတက်အောင် လုပ်မပေးနိုင်ဘဲ ဖြစ်နေသည့်အတွက် NSCN-K/AM အဖွဲ့က ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ငြိမ်းချမ်းရေးယူကာ အကောင်အထည်ဖော်လိုသော ဆန္ဒများရှိနေ ကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် NSCN-K/AM အဖွဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးစဉ်
NSCN-K/AM အဖွဲ့ကို မြန်မာ့တပ်မတော်/နစကဘက်က ပြည်သူ့စစ်(ပသစ) သို့မဟုတ် နယ်ခြားစောင့်တပ်(BGF) အဖြစ် ပြောင်းလဲရန် သဘောထားပေးသော်လည်း NSCN-K/AM ဘက်ကတော့ လက်ခံခြင်းမရှိဘဲ နာဂလက်နက် ကိုင်အဖွဲ့အနေဖြင့်သာ ငြိမ်းချမ်းရေး လက်မှတ်ထိုးမည်ဖြစ်ကြောင်း သဘောထား ရပ်တည်လျက်ရှိသည်။
NSCN-K/AM အဖွဲ့က ဦးချင်းအောင်က “ကျနော်တို့ကတော့ အဲဒါ(GBF- ပြည်သူ့စစ်ကိစ္စ)ပြောတယ်။ ကျနော်တို့ ကတော့ ပြည်သူ့စစ်ဆိုတာ ကျနော်တို့ လက်မခံဘူး။ ကျနော်တို့က NSCN ကျနော်တို့က NSCN ဆိုတဲ့ နာဂ အမျိုးသားရေး NSCN ဆိုတဲ့ခေါင်းစဉ်နဲ့ပဲ ကျနော်တို့သွားမှာဗျ။ ပြည်သူ့စစ်ဆိုတဲ့ ခေါင်းစဉ်နဲ့ ကျနော်တို့ လက်မခံ ဘူး။ အဲဒါကိုလည်းပဲ ပြောတယ်။ ကျနော်တို့ရဲ့ Propose ထဲမှာ ကျနော်တို့က ဘယ်တော့မှ လက်နက်လည်းချမှာ မဟုတ်ဘူး။ ဘယ်တော့မှ ပြည်သူ့စစ်လည်း ကျနော်တို့ မလုပ်ဘူး။ ဒါပေမယ့် ကျနော်တို့က agreement တစ်ခု လုပ်ပြီးမှ ကျနော်တို့ NSCN ဆိုတဲ့ နာဂအမျိုးသားလွတ်လပ်ရေးဆိုတဲ့ ခေါင်းစဉ်နဲ့ပဲ ကျနော်တို့သွားမှာ”ဟု CNI သတင်းဌာနသို့ ပြောသည်။
NSCN-K/AM သည် တိုင်းဒေသကြီးအဆင့် Bilateral တွင် ဒေသတည်ငြိမ်အေးချမ်းရေးနှင့် ဒေသတွင်း ဖွံ့ဖြိုး တိုးတက်ရေး အခြေအနေများကို အဓိကတောင်းဆို ဆွေးနွေးထားကြောင်း၊ နယ်မြေပိုင်းခြားမှုနှင့် ကျန် အခြေအနေများကိုတော့ ပြည်ထောင်စုအဆင့်မှာ ဆက်လက် ဆွေးနွေးရန် စီစဉ်ထားကြောင်း ၎င်းက ပြောသည်။
NSCN-K/AM သည် ဦးကပ္ပလန် လက်ထက် NSCN-K နှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ကြား ၂၀၁၂ ခုနှစ်၊ ဧပြီ ၉ ရက်က လက်မှတ်ရေးထိုးခဲ့သော Bilateral စာချုပ်ကို ပြန်လည်အသက်သွင်းရန် စဉ်းစားထားပြီး ဆွေးနွေး လျက်ရှိကြောင်း သိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့ကို ဝန်ကြီးချုပ် ဦးမြတ်ကျော် ရောက်လာစဉ်
မြန်မာ့တပ်မတော်နှင့် NSCN-AM အဖွဲ့တို့ ခန္တီးမြို့မှာ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၂၆ ရက်နေ့က တစ်ကြိမ်၊ ဖေဖော်ဝါရီ ၅ ရက်နေ့က တစ်ကြိမ် အပစ်အခတ်ရပ်စဲရေးနှင့် နာဂဒေသလုံခြုံရေး ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်။
ထို့နောက် စက်တင်ဘာလ ဒုတိယအပတ်က မုံရွာမြို့မှာ မြန်မာ့တပ်မတော်နှင့် NSCN-AM အဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့ပြီး စက်တင်ဘာ ၂၇ ရက်နေ့တွင် ခန္တီးမြို့မှာ စတုတ္ထအကြိမ် တွေ့ဆုံဆွေးနွေးခဲ့၍ တိုင်းဒေသကြီး အဆင့် ပဏာမအပစ်အခတ်ရပ်စဲရေး(Bilateral)ထိုးရန် သဘောတူညီခဲ့ကြသည်။
သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ယနေ့အချိန်ထိ(၂၀၂၅ ခုနှစ်၊ မေလ) အပစ်ရပ်စဲရေး လက်မှတ်ထိုး နိုင်သေးဘဲ ဆက်လက်ဆွေးနွေးရန် ပြင်ဆင်နေကြကြောင်း သိရသည်။
တခြားတစ်ဖက်မှာလည်း NSCN-K/AM အဖွဲ့သည် ၂၀၂၅ ခုနှစ်၊ မတ်လ ၂၇ ရက်က နယူးဒေးလီမြို့မှာ အိန္ဒိယ အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ရန် တွေ့ဆုံ ဆွေးနွေးခဲ့သေးသည်။