CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၆
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲ မဲခွဲပွဲမတိုင်မီ ချီးမြှင့်တဲ့ ပထမဆုံး FIFA Peace Prize ကို လက်ခံရရှိခဲ့ပါတယ်။
ဒီဆုကို ဒီနှစ်မှာ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက စတင် ချီးမြှင့်ခဲ့တာဖြစ်ပြီး ငြိမ်းချမ်းရေးအတွက် ထူးခြားတဲ့ လုပ်ဆောင်ချက်တွေ၊ ကမ္ဘာတစ်ဝှမ်းက လူတွေကို စည်းလုံးစေခဲ့တဲ့ ပုဂ္ဂိုလ်ကို ချီးမြှင့်တာပါ။
ကမ္ဘာ့ဖလားပြိုင်ပွဲ မဲခွဲပွဲ အခမ်းအနားကို အင်ဖန်တီနိုနဲ့အတူ တက်ရောက်လာခဲ့ပြီး မကြာခဏဆိုသလို သူတို့ နှစ်ဦးတွဲကာ လူမြင်ကွင်းရှေ့ အကြိမ်ကြိမ် ထွက်ပြခဲ့တဲ့ ဒေါ်နယ်ထရမ့်ဟာ ဒီဆုကို ရရှိလိမ့်မယ်လို့ အားလုံးက ခန့်မှန်းထားကြတာ ဖြစ်ပါတယ်။
အမှန်တကယ်လည်း ဝါရှင်တန်ဒီစီမှာ ပြုလုပ်ခဲ့တဲ့ အခမ်းအနားမှာ ဒေါ်နယ်ထရမ့်ဟာ ဒီဆုကို ရရှိခဲ့တာပါ။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ရွှေရောင် ဆုဖလားကြီး တစ်ခုအပြင် ဆုတံဆိပ်နဲ့ အသိအမှတ်ပြု လက်မှတ်တို့ကို အင်ဖန်တီနိုက သူ့ကို ပေးအပ်ခဲ့ပါတယ်။

ဒေါ်နယ်ထရမ့် FIFA Peace Prize ဆုကို လက်ခံနေစဉ်
ဒေါ်နယ်ထရမ့်က သူဟာ သံတမန်ရေးအရ ကြားဝင် ဆောင်ရွက်မှုတွေကနေ အသက်ပေါင်း သန်းပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ပြီး စတင်လုနီးပါး ဖြစ်နေတဲ့ စစ်ပွဲ အများအပြားကို ရပ်တန့်နိုင်ခဲ့တယ်လို့ ဆုလက်ခံရရှိပြီးနောက် ပြောခဲ့ပါတယ်။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် မဲခွဲမှုတွေမှာ ပူးတွဲအိမ်ရှင်တွေဖြစ်တဲ့ မက္ကဆီကိုအသင်းက အုပ်စု A မှာ တောင်အာဖရိက၊ တောင်ကိုရီးယား၊ ဥရောပ ခြေစစ်ပွဲအောင် တစ်သင်းနဲ့ ကျရောက်နေပါတယ်။
ကနေဒါအသင်းက အုပ်စု B မှာ ဥရောပခြေစစ်ပွဲအောင် တစ်သင်း၊ ကာတာ၊ ဆွစ်ဇာလန်တို့နဲ့ ကျရောက်နေပြီး အမေရိကန်အသင်းကတော့ အုပ်စု D မှာ ပါရာဂွေး၊ သြစတြေးလျ၊ ဥရောပခြေစစ်ပွဲအောင် တစ်သင်းတို့နဲ့ ကျရောက်နေတာပါ။
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန်လ ၁၁ ရက်ကနေ ဇူလိုင် ၁၉ ရက်အထိ အသင်းပေါင်း ၄၈ သင်းနဲ့ ကျင်းပသွားမှာ ဖြစ်ပါတယ်။
Source: BBC
