CNI Sport News

 ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၃၀

တောင်အာဖရိကအသင်းဟာ အသုံးပြုလို့မရတဲ့ ကစားသမားတစ်ဦးကို ကွင်းထဲထည့်ပြီး အသုံးပြုခဲ့တာကြောင့် ဖီဖာရဲ့ အရေးယူမှု ခံခဲ့ရတဲ့အတွက် ၂၀၂၆ ကမ္ဘာ့ဖလား ဝင်ခွင့်ရဖို့ မျှော်လင့်ချက်ကို ကြီးမားတဲ့ ထိခိုက်မှု ဖြစ်စေခဲ့ ပါတယ်။ 

တောင်အာဖရိကအသင်း ကွင်းလယ်လူ မိုကိုနာဟာ အဝါကတ် ၂ ကတ်ကြောင့် ပွဲပယ်ခြင်း ခံထားရပေမယ့် လီဆိုသိုအသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ မတ်လက ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ ပါဝင်ကစားခဲ့တာပါ။ 

အဲဒါကြောင့် ဖီဖာစည်းကမ်း ထိန်းသိမ်းရေးကော်မတီက တောင်အာဖရိကအသင်းဟာ ပြိုင်ပွဲရဲ့စည်းမျဉ်းကို ချိုးဖောက်ခဲ့တယ်ဆိုပြီး လီဆိုသိုအသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ အနိုင်ပေးခဲ့တာဖြစ်ပါတယ်။ 

မိုကိုနာဟာ ဒီဖြစ်ရပ်ကြောင့် သတိပေးခြင်း ခံခဲ့ရသလို ဖီဖာက တောင်အာဖရိက ဘောလုံးအဖွဲ့ချုပ်ကို ပေါင် ၉,၃၄၀ ဒဏ်ရိုက်ခဲ့ပါတယ်။ 

တောင်အာဖရိကအသင်းကို တွေ့ရစဉ်

တောင်အာဖရိကအသင်းဟာ လီဆိုသိုအသင်းကို ၃ ဂိုးပြတ်နဲ့ အရှုံးပေးခဲ့ရတာကြောင့် အာဖရိကဇုန်ခြေစစ်ပွဲအုပ်စု C မှာ ထိပ်ဆုံးနေရာက ဘီနင်အသင်းနဲ့ ရမှတ်တူ၊ ဂိုးကွာခြားချက်ကြောင့် ဒုတိယနေရာ ရောက်ရှိသွားခဲ့တာပါ။ 

၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အာဖရိကဇုန် ခြေစစ်ပွဲတွေမှာ ထိပ်ဆုံးနေရာက အသင်းတွေသာ တိုက်ရိုက် ခြေစစ်ပွဲ အောင်မြင်မှာဖြစ်ပြီး အုပ်စုဒုတိယနေရာ ရပ်တည်တဲ့ အသင်းတွေထဲက အကောင်းဆုံးအသင်း ၄ သင်း ဟာ နောက်တဆင့် ထပ်ပြီး ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

တောင်အာဖရိကရဲ့ အရှုံးပေးရမှုကြောင့် တတိယနေရာနဲ့ စတုတ္ထနေရာမှာ ရပ်တည်နေတဲ့ နိုင်ဂျီးရီးယားနဲ့ ရဝမ်ဒါ အသင်းတို့ အတွက်လည်း ခြေစစ်ပွဲအောင်မြင်ဖို့ မျှော်လင့်ချက်ရှိလာခဲ့တာပါ။

တောင်အာဖရိကအသင်းဟာ အောက်တိုဘာထဲမှာ ကမ္ဘာ့ဖလား ခြေစစ်ပွဲ နောက်ဆုံး ၂ ပွဲအဖြစ် ဇင်ဘာဘွေနဲ့ အဝေးကွင်း၊ ရဝမ်ဒါအသင်းကို အိမ်ကွင်းယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။ 

တောင်အာဖရိက ဘောလုံးအဖွဲ့ချုပ် အနေနဲ့ ဖီဖာချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်ကို အယူခံဝင်ဖို့ ၁၀ ရက် အချိန်ရှိတယ်လို့ သိရပါတယ်။ 

Source: BBC