CNI Sport News

၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၂

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆော်ဒီနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမယ်လို့ ဗုဒ္ဓဟူးနေ့က ပြုလုပ်ခဲ့တဲ့ ကွန်ဂရက်မှာ အတည်ပြုခဲ့ပါတယ်။

၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲကိုတော့ မော်ရိုကို၊ ပေါ်တူဂီနဲ့ စပိန်နိုင်ငံတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမှာဖြစ်ပြီး တောင်အမေရိကနိုင်ငံတွေဖြစ်တဲ့ အာဂျင်တီးနား၊ ဥရုဂွေးနဲ့ ပါရာဂွေးနိုင်ငံတို့မှာ တစ်ပွဲစီကျင်းပသွားမှာပါ။ 

ဒီဆုံးဖြတ်ချက်ကို ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုက ကွန်ဂရက်အပြီးမှာ ကြေညာခဲ့တာ ဖြစ်ပါတယ်။ 

ကမ္ဘာ့ဖလားပြိုင်ပွဲကို ၁၉၃၀ က စတင်ခဲ့တာကြောင့် ၂၀၃၀ မှာ ဒီပြိုင်ပွဲရဲ့ သက်တမ်းဟာ နှစ် ၁၀၀ ပြည့်ခဲ့ပြီ ဖြစ်တာပါ။

အဲဒါကြောင့် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် ကမ္ဘာ့ဖလားပြိုင်ပွဲကြီး စတင်ခဲ့တဲ့ တောင်အမေရိကနိုင်ငံမှာ ၃ ပွဲ ကျင်းပသွားမှာ ဖြစ်ပါတယ်။

ဆော်ဒီနိုင်ငံဟာ ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လျှောက်ထားတဲ့ တစ်နိုင်ငံတည်းသော နိုင်ငံဖြစ်လို့ အိမ်ရှင်ပြုလုပ်ခွင့် ရရှိသွားခဲ့တာပါ။ 

ဆော်ဒီကို ရည်ညွန်းထားစဉ်

ဆော်ဒီအိုလံပစ်နဲ့ မသန်စွမ်း အားကစားကော်မတီ အကြီးအကဲကတော့ ဒါက ဆော်ဒီနိုင်ငံရဲ့ သမိုင်းဝင် အခိုက်အတန့်ဖြစ်ပြီး ဒီနိုင်ငံမှာရှိတဲ့ လူသားအားလုံးအတွက် အိပ်မက်တစ်ခု ဖြစ်လာပြီလို့ ပြောခဲ့ပါတယ်။ 

အယ်လ်နာဆာ အသင်းခေါင်းဆောင် ရော်နယ်ဒိုက အခြေခံ အဆောက်အဦတွေ၊ အားကစားကွင်းတွေ၊ ပရိသတ် တွေအတွက် အခြေအနေနဲ့ အရာအားလုံးကြောင့် ၂၀၃၄ ဟာ အကောင်းဆုံး ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောထားတာပါ။

ဖီဖာက ဆော်ဒီနိုင်ငံကို ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်အဖြစ် ကြေညာပြီးနောက်မှာ လူ့အခွင့်အရေး အဖွဲ့အစည်းတွေ  အပါအဝင် အဖွဲ့အစည်းပေါင်း ၂၁ ဖွဲ့က ဒါကို ရှုတ်ချတဲ့ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ 

ဆော်ဒီနိုင်ငံဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ကျင်းပခွင့်ရမှာဖြစ်လို့ ပြိုင်ပွဲအတွက် အသုံးပြုမယ့် အားကစားကွင်း ၈ ကွင်းကို တည်ဆောက်သွားဖို့ရှိနေတာပါ။ 

၂၀၃၀ နဲ့ ၂၀၃၄ ကမ္ဘာ့ဖလားပြိုင်ပွဲတွေကို အိမ်ရှင်အဖြစ် ကျင်းပမယ့်နိုင်ငံတွေဟာ ပြိုင်ပွဲကို အလိုအလျောက် ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရရှိမှာ ဖြစ်ပါတယ်။

Source: ESPN