CNI Sport News
၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ဖို့ အမေရိကန်ထံ ဝင်ခွင့်ငြင်းပယ်ခံခဲ့ရတဲ့ ဆိုမာလီဒိုင်လူကြီး အိုမာအာတန်ကို ဖီဖာက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူရရှိမယ့် ငွေကြေး အပြည့်အဝ ပေးချေမယ်လို့ ပြောခဲ့ပါတယ်။
အိုမာအာတန်ဟာ မိုင်ယာမီအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ စစ်ဆေးမေးမြန်းမှု ခံခဲ့ရပြီးနောက် အမေရိကန်နိုင်ငံထဲ ဝင်ရောက်ခွင့်ပြုဖို့ ငြင်းဆန်ခံခဲ့ရတာပါ။
အမေရိကန်အစိုးရအရာရှိ တစ်ဦးက အိုမာအာတန်ဟာ အကြမ်းဖက် အဖွဲ့အစည်းတွေရဲ့ သံသယရှိတဲ့ အဖွဲ့ဝင် တွေနဲ့ ဆက်စပ်မှုကြောင့် နိုင်ငံထဲ ဝင်ခွင့်မပြုတာလို့ ပြောခဲ့ပါတယ်။
အိုမာအာတန်ကတော့ ဒါကိုငြင်းခဲ့ပြီး သူ့မှာ မှန်ကန်တဲ့ စာရွက်စာတမ်းနဲ့ အရာအားလုံးရှိသလို မှန်ကန်တဲ့ ဗီဇာ လည်း ရှိတယ်လို့ ပြောခဲ့တာပါ။
အိုမာအာတန်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တာဝန်ထမ်းဆောင်ခွင့် မရခဲ့ပေမယ့် ဖီဖာက ဒီပြိုင်ပွဲမှာ သူရရှိမယ့် ငွေကြေးကို ပေးချေဖို့ ကတိကဝတ် ပြုထားတယ်လို့ သတင်းရင်းမြစ်တွေက BBC Sport ကို ပြောခဲ့ပါတယ်။

ဒိုင်လူကြီး အိုမာအာတန်ကို တွေ့ရစဉ်
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တာဝန်ထမ်းဆောင်ကြတဲ့ ဒိုင်လူကြီးတွေဟာ ပြိုင်ပွဲပြီးဆုံးချိန်မှသာ သူတို့ငွေကြေး ဘယ်လောက် ရရှိမလဲဆိုတာ သိရှိကြတာပါ။
အိုမာအာတန်ဟာ လာမယ့် သြဂုတ်လ ၁၂ ရက်မှာ ယှဉ်ပြိုင်မယ့် PSG နဲ့ အက်စတွန်ဗီလာအသင်းရဲ့ ဥရောပ စူပါဖလားပွဲကို ကွင်းလယ်ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ဖို့ တာဝန်ပေးခြင်း ခံထားရပါတယ်။
အိုမာအာတန်ဟာ သူ့ရဲ့မွေးရပ်မြေမှာ ကြိုဆိုခြင်း ခံခဲ့ရပြီးနောက် သူ့ရဲ့လူမျိုးနဲ့ သူ့ရဲ့နိုင်ငံကို ကျေးဇူးတင်ကြောင်း ပြောပြီး ၂၀၃၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ဖို့ ကတိပြုခဲ့ပါတယ်။
Source: BBC
