CNI Sport News

၂၀၂၆ ခုနှစ်၊ ဇွန်လ ၁၅

ဂျာမနီအသင်းဟာ ကူရာဆောအသင်းကို ၇ ဂိုး-၁ ဂိုးနဲ့ဂိုးပြတ်အနိုင်ရကာ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကို စတင် နိုင်ခဲ့ပြီးနောက် ဒါက သူတို့အတွက်လိုအပ်တဲ့ အရာလို့ နည်းပြ နာဂယ်လ်စမန်းက ပြောခဲ့ပါတယ်။ 

နာဂယ်လ်စမန်းက “ကျနော်တို့ဟာ ကူရာဆောအသင်းကို ချေပဂိုး ခွင့်ပြုခဲ့ရပေမယ့် အကောင်းဆုံး ပြန်လည် ကိုင်တွယ်နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ကျနော်တို့ဟာ ပွဲကို ထိန်းချုပ်နိုင်ခဲ့ပြီး အရာအားလုံးကောင်းမွန်ခဲ့လို့ ဂိုးတွေ ထပ်သွင်းနိုင်ခဲ့ပါတယ်။ အားလုံးကို ခြုံပြီးပြောရရင် ကျနော်အလွန်ကျေနပ်မှုရှိပါတယ်”လို့ ပြောခဲ့တာပါ။

ဂျာမနီအသင်းဟာ ဒီပွဲမှာ ဦးဆောင်ဂိုး စတင်သွင်းယူနိုင်ခဲ့ပေမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ် ယှဉ်ပြိုင်တဲ့ ကူရာဆောအသင်းက သူတို့ရဲ့ ပထမဆုံးကမ္ဘာ့ဖလား သွင်းဂိုးနဲ့အတူ ချေပဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

ဒီနောက်ပိုင်းမှာ ဂျာမနီအသင်းဟာ ကူရာဆောအသင်းကို ဂိုးကန်သွင်းချက် အများအပြားနဲ့ ဖိအားပေးကစားပြီး ပထမပိုင်းမှာ ၃ ဂိုး-၁ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။ 

ဂျာမနီအသင်း ယှဉ်ပြိုင်နေစဉ်

ဂျာမနီအသင်းဟာ ဒုတိယပိုင်းမှာ နောက်ထပ် ၄ ဂိုးသွင်းပြီး ကူရာဆောအသင်းကို ဂိုးပြတ်အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ 

နောက်ဆုံးယှဉ်ပြိုင်ခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ၂ ကြိမ်မှာ အုပ်စုအဆင့်ကနေ ထွက်ခဲ့ရတဲ့ ဂျာမနီအသင်းဟာ အခု ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂိုးပြတ်အနိုင်နဲ့ ၃ မှတ်ရရှိခဲ့တာပါ။ 

ဂျာမနီအသင်းနည်းပြ နာဂယ်လ်စမန်းက ကူရာဆောအသင်းဟာ ရှေးရိုးစွဲ ၄-၄-၂ စိန်ကစားကွက်ပုံစံနဲ့ ကစားခဲ့တာ ကြောင့် သူတို့ လိုက်လျောညီထွေဖြစ်အောင် အချိန်အနည်းငယ် ယူခဲ့ရပြီး ရေဓါတ်ဖြည့်တင်းချိန်က လိုက်လျော ညီထွေဖြစ်အောင် အကူအညီပေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။

ဒါ့အပြင် နာဂယ်လ်စမန်းက ကူရာဆောအသင်းကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပေးခဲ့တဲ့ နည်းပြ အက်ဒ်ဗိုကတ်နဲ့ သူ့ရဲ့နည်းပြ အဖွဲ့ဝင်တွေကို ချီးကျူးခဲ့ပါတယ်။

ဂျာမနီအသင်းဟာ အုပ်စုဒုတိယပွဲအဖြစ် အဖွင့်ပွဲမှာ အီကွေဒေါအသင်းကို အနိုင်ရခဲ့တဲ့ အိုင်ဗရီကို့စ်အသင်းနဲ့ ဇွန်လ ၂၀ ရက်မှာ ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ 

Source: ESPN