CNI Sport News
၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၄
ဂျီရိုနာအသင်းထံ အငှားသွားရောက်ကစားနေတဲ့ ဂိုးသမားစတီဂန်ဟာ နောက်ထပ်ဒဏ်ရာ ဆုတ်ယုတ်မှု ကြုံတွေ့ခဲ့ရပေမယ့် ဂျာမနီအသင်းနည်းပြနာဂယ်လ်စမန်းက သူ့ကို ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ထောက်ခံမှု ပြုလုပ်ထားတယ်လို့ ပြောခဲ့ပါတယ်။
ပွဲကစားချိန်ပိုပြီးရနိုင်ဖို့မျှော်လင့်ချက်နဲ့ ဘာစီလိုနာအသင်းကနေ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းလာခဲ့တဲ့ စတီဂန်ဟာ ဂျီရိုနာအသင်းအတွက် ပါဝင်ကစားတဲ့ ဒုတိယမြောက်ပွဲမှာ ပေါင်ကြွက်သားဒဏ်ရာရရှိခဲ့တာပါ။
စတီဂန်ဟာ ဒဏ်ရာကြောင့် လအနည်းငယ်ကြာအနားယူရဖွယ်ရှိနေပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီ အသင်းအတွက် ပါဝင်နိုင်ဖို့ သံသယဖြစ်ဖွယ်ရှိလာပါတယ်။
ဂျာမနီအသင်းနည်းပြ နာဂယ်လ်စမန်းကတော့ သူတို့ဟာ စတီဂန်နိုင်ငံအသင်းမှာ ပြန်ပါဝင်နိုင်ဖို့ အလွန် မျှော်လင့်နေကြပြီး အခုအချိန်မှာ အရေးကြီးတာက ဘာဖိအားမှမရှိဘဲ ဒဏ်ရာအခြေအနေကနေ ကောင်းမွန် လာဖို့လို့ ပြောခဲ့ပါတယ်။
ဒါ့အပြင် သူတို့အားလုံးဟာ စတီဂန်ကို ထောက်ခံမှုရှိတယ်လို့ နာဂယ်လ်စမန်းက ပြောခဲ့တာပါ။

ဘိုင်ယန်မြူးနစ်အသင်းဂိုးသမား နူအာရှိချိန်မှာ ဂျာမနီအသင်းရဲ့နံပတ် ၂ ဂိုးသမားဖြစ်ခဲ့တဲ့ စတီဂန်ဟာ နူအာအနားယူပြီးနောက် ဒဏ်ရာတွေနဲ့ ရုန်းကန်နေရပါတယ်။
အဲဒါကြောင့် စတီဂန်ဟာ ဘာစီလိုနာအသင်းမှာ တတိယဦးစားပေးဂိုးသမားဖြစ်ခဲ့ပြီး အသင်းကနေ အငှားနဲ့ ထွက်ခွာခဲ့ရတာပါ။
ဂျာမနီအသင်းနည်းပြ နာဂယ်လ်စမန်းနဲ့ ဘောလုံးအဖွဲ့ချုပ် အားကစားဒါရိုက်တာ ရူဒီဗောင်လာတို့ဟာ စတီဂန်သာ ကြံ့ခိုင်မှုပြည့်ဝရင် နိုင်ငံအသင်းရဲ့နံပတ် ၁ ဂိုးသမားဖြစ်တယ်လို့ အတည်ပြု ထားပါတယ်။
စတီဂန်မပါဝင်နိုင်ချိန်မှာ ဟော့ဖန်ဟိမ်းအသင်းဂိုးသမားအိုလီဗာဟာ သူ့ရဲ့နေရာကို အစားထိုးဝင်ရောက်နေရတဲ့ အတွက် ဂိုးသမားနူအာကို ဂျာမနီအသင်းထံ ပြန်လာဖို့တောင်းဆိုမှုတွေ ရှိနေကြပါတယ်။
ဂျာမနီအသင်းဟာ မတ်လထဲမှာ ခြေစမ်းပွဲတွေအဖြစ် ဆွစ်ဇာလန်၊ဂါနာအသင်းတို့နဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
Source: Besoccer
